စိတ်ပင်ပန်းကိုယ်ပင်ပန်းဖြစ်ခြင်းဟာ များသောအားဖြင့်ကိုယ်တိုင်လုပ်နေတဲ့အရာတွေနှင့်သက်ဆိုင်နေတတ်ပါတယ်။ ညနက်တဲ့အထိမအိပ်ဘဲ နေခြင်းဟာ ခန္ဓာကိုယ်နှင့်စိတ်ပိုင်းဆိုင်ရာကို ဆိုးဆိုးဝါးဝါးပင်ပန်းစေနိုင်ပါတယ်။ ဒါ့အပြင် အိပ်ခါနီးမှာ မုန့်တွေစားတာမျိုး အချိုရည်တွေသောက်တာမျိုးဟာ မနက်နိုးလာရင်အင်အားကုန်ခမ်းနေသလိုမျိုးဖြစ်စေနိုင်ပါတယ်။
အမြဲတမ်းအတွေးလွန်နေပြီး သူများတွေဘယ်လိုတွေးခေါ်နေမလဲဆိုတာကို စဥ်းစားနေခြင်းကလည်း ကောင်းမွန်တဲ့အလေ့အကျင့်မဟုတ်ပါဘူး။ ဒီလိုတွေအတွေးလွန်နေခြင်းဟာ စိတ်ပင်ပန်းမှုအများစုရဲ့အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။ လူတိုင်းသဘောကျအောင်ကြိုးစားနေခြင်းကလည်း ကိုယ့်ကိုပိုပြီးပင်ပန်းစေနိုင်ပါတယ်။
အခက်အခဲတွေကြုံရတဲ့အချိန် တောက်လျှောက်ငြီးတွားနေခြင်းကလည်း စိတ်ကိုပိုပြီးပင်ပန်းစေပါတယ်။ တစ်ခြားသူတွေရဲ့အတင်းကို ပြောပြီးတော့ ကိုယ့်ရဲ့အကောင်းမြင်စိတ်တွေကို ဆုံးရှုံးရခြင်းကလည်း စိတ်ပင်ပန်း ကိုယ်ပင်ပန်းအလွယ်တကူဖြစ်စေပါတယ်။ အတိတ်ကအကြောင်းအရာတွေကနေ ရုန်းမထွက်နိုင်ဘဲ အတိတ်ကိုပဲဖက်တွယ်လွန်းတာကလည်း သေချာပေါက်စိတ်ပင်ပန်းစေမယ့်အလေ့အကျင့်ပဲဖြစ်ပါတယ်။