မောင်နှမသံယောဇဉ်ဆိုတာအတော်လေးကိုနက်ရှိုင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက်သာ မတည့်တဲ့ အချိန်တွေရှိပေမယ့် ဘေးလူသူစိမ်းနဲ့ယှဉ်လာတဲ့အချိန်မှာတော့ မှားမှားမှန်မှန် ကိုယ့်မောင်နှမတွေ ဖက်ကပဲရပ်တည်ပြီး တိုက်ပွဲဝင်ပေးတာမျိုးကို မောင်နှမရှိတဲ့သူတွေပဲ သိနိုင်ပါတယ်။ ဒီနေ့မှာလည်း အမေရိကန်နိုင်ငံက ချစ်စရာမောင်နှမလေးယောက်ရဲ့ ကြည်နူးစရာအခိုက်အတန့်လေးကို သူတို့ရဲ့ မိဘတွေက မှတ်တမ်းတင်ထားခဲ့ပြီးနောက် လူမှုကွန်ယက်မှာဝေမျှပေးခဲ့ပါတယ်။ အကိုသုံးယောက် ကျောင်းကပြန်လာချိန်ကို အမြဲတမ်းထွက်မျှော်နေတတ်ပြီး ပြန်လာတဲ့အချိန်မှာလည်း အပြေးလေး ပွေ့ဖက်တတ်တဲ့ လမ်းလျှောက်တတ်စအရွယ်ညီမလေးဟာ အကိုတွေအတွက်တော့ အိမ်အပြန် အမောပြေစရာပါပဲ။
ချစ်ရတဲ့ညီမလေးဟာ လမ်းလျှောက်တတ်စအရွယ်လေးမှာတောင် အကိုတွေပြန်အလာကို မျှော်နေပြီး ပြန်လာတဲ့အချိန်မှာလည်း ပွေ့ဖက်နိုင်ဖို့ အပြေးလေးသွားနေတဲ့ပုံလေးဟာ အသည်းယားစရာကောင်းလွန်း ပါတယ်။ အကိုတွေဟာလည်း အပြေးလေးလာနေတဲ့ ညီမလေးဆီရောက်နိုင်ဖို့ ကျောင်းကားပေါ်က ဆင်းတာနဲ့ ဒုန်းစိုင်းပြေးချလာပြီး ညီမလေးနဲ့ ဆုံတဲ့အချိန်မှာတော့ လေးယောက်သား ကြင်ကြင်နာနာနဲ့ ပွေ့ဖက်ကြပုံလေးတွေဟာ မြင်သူတိုင်းအတွက်တော့ တကယ်ကိုပီတိဖြစ်စရာပါ။
လိမ္မာယဉ်ကျေးပြီး တစ်ယောက်အပေါ်တစ်ယောက် ချစ်ခြင်းမေတ္တာအပြည့်ထားနိုင်အောင် သွန်သင်ပေးတဲ့ မိဘတွေရဲ့စည်းစနစ်ကျပုံကလည်းလေးစားစရာတစ်ခုပါပဲ။ မောင်နှမတွေဆိုတာ တန်ဖိုးဖြတ်မရတဲ့ အဖိုးတန်လက်ဆောင်လေးတွေပါ။ ကိုယ့်ကိုချစ်ပြီး နားလည်ပေးတဲ့အကောင်းဆုံးသော သွေးသားဟာလည်းမောင်နှမတွေပါပဲ။ မိဘတွေမသိအောင် တိုင်ပင်ပြီး တစ်ခုခုခိုးလုပ်ရတဲ့ အမိုက်ဆုံးအချိန်တွေဟာလည်း စည်းလုံးတဲ့မောင်နှမတွေရဲ့ ပျော်စရာအကောင်းဆုံးအခိုက်အတန့်တွေပါပဲ။ စိတ်ညစ်စရာတွေထဲကမှ အကြည်ဓာတ်လေးရအောင် ဒီဗီဒီယိုလေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Good Morning America's FB Acc