ယမန်နေ့အောက်တိုဘာလ ၁၇ ရက်နေ့ညက မိုးအဆက်မပျက်ရွာသွန်းခဲ့မှုကြောင့် မန္တလေးတိုင်း ဒေသကြီး ပုဂံမြို့တွင်တည်ရှိသည့် ရှေးဟောင်းဘုရား ပြဿဒါးကြီး (ခေါ်) ပြဿဒ်ကြီးဘုရား မုဒ်ဝ ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။
ပြဿဒ်ကြီးဘုရားသည် ၂၀၀၀ ခုနှစ်လောက်က ပြန်လည်ပြုပြင်ထားသည့် နောက်ပိုင်းလက်ရာ များ ၇၀ ရာခိုင်နှုန်းလောက် ရှိသည့်ဘုရားဖြစ်ပြီး ယခု ပြိုကျသွားသည့် မုဒ်ဝနေရာသည်လည်း နောက်ပိုင်း ပြန်လည်မွန်းမံထားတဲ့ လက်ရာတွေထဲက တစ်ခုဖြစ်တယ်လို့ သိရှိရပါတယ်။ အဓိကအကြောင်းအရင်းမှာ မူလအုပ်များနှင့် အုတ်အသစ်များ အသားမကျသေးတာကြောင့် မိုးများအဆက်မပျက်ရွာသွန်းလာတဲ့ အခါမှာ အခုလိုမျိုး ပြိုကျရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ပညာရှင်တွေက ပြန်ပြင်ဖို့ လေ့လာနေကြတယ်လို့ ဆိုထားပါတယ်။
ပြဿဒါးကြီး (ပြဿဒ်ကြီး) ဘုရားသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် တည်ရှိသည့် စေတီဖြစ်ပြီး ကွမ်းတောင် ပေါက် လိုဏ်နှစ်ဆင့် ဂူဘုရားဖြစ်ပါတယ်။ အေဒီ(၁၂၄၉)တွင် ကျစွာမင်းက သီဟိုဠ်ပြန် ဓမ္မသီရိမဟာထေရ်အတွက် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ပြီး ပြဿဒါးနေ့တွင် စတည်ခဲ့သည့်အတွက် ပြဿဒါးဘုရားဟု ခေါ်ခဲ့ကြခြင်းဖြစ်တယ်လို့သိရပါတယ်။
ဘုရားတည်၍ မကြာမီမှာပင် ကျစွာမင်း အနိစ္စရောက်၍ ဘုရား ဆောက်လုပ်မှု အပြီးမသတ်ခဲ့ရဘူးလို့ သိရပါတယ်။ ပြဿဒါးဘုရားကို ယခု ပြဿဒ်ကြီးဘုရားဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပြီး ဘုရားကြီးတွင် အုတ်စီအုတ်နင်း လက်ရာများနှင့် ပေါင်းကူး (အမိုးခုံး)များကို လေ့လာတွေ့ရှိနိုင်ပါတယ်။