စစ်ဘေးရှောင် ပြေးလွှားနေရတဲ့ အမျိုးသမီးတွေ pad မရှိ၍ ဓမ္မတာလာချိန်မှာ အခက်အခဲဖြစ်နေ

//s9.kh1.co/27/2786060f098ddab7f0c29d57b7e1a1bd1cc85372.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၆-ဇန်-၂၀၂၂ ၁pm · လွန်ခဲ့သော ၂ နှစ် က

pad အစား ဓမ္မတာခွက် ပြောင်းသုံးသင့်/မသုံးသင့်

ဒုက္ခကို ခါးစည်းရင်ဆိုင်ရတာချင်း အတူတူတောင် အမျိုးသားတွေနဲ့ မတူတဲ့အချက်က အမျိုးသမီးတွေမှာ လစဥ် ဓမ္မတာလာရခြင်း၊ ကိုယ်ဝန်ဆောင်ရခြင်း၊ ကလေးမွေးရခြင်း၊ နို့တိုက်ရခြင်း အလုပ်တွေ ပိုနေတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ကမှ တားလို့ရသေးတယ်။ ဓမ္မတာက တားဆီးလို့ရတာ မဟုတ်တဲ့အတွက် သူ့အချိန်ရောက်လာရင် ဗိုက်အောင့်တာရော၊ စိတ်အဆင်မပြေတာရော၊ သန့်ရှင်းရေးကအစ အလုပ်ပိုလာတဲ့အတွက်​ စစ်ဘေးရှောင်စခန်းက အမျိုးသမီးလေးတွေမှာ အခက်ကြုံနေရပါတယ်။

စစ်ဘေးရှောင်နေရသော နို့တိုက်မိခင်တစ်ဦး ©google
စစ်ဘေးရှောင်နေရသော နို့တိုက်မိခင်တစ်ဦး ©google

ပိုဆိုးတာက မနေ့က Facebook မှာ တောတွင်း အမျိုးသမီးငယ်တစ်ယောက်က သူတို့စခန်းကို ရန်သူတွေ အပြင်က ဝိုင်းထားလို့ စခန်းတွင်း ပစ္စည်းတွေ ပြတ်လပ်နေပါတယ်လို့ ပြောခဲ့ပါတယ်။ ဓမ္မတာနဲ့ တည့်တည့်တိုးတော့ pad တွေ မရှိတဲ့အတွက် ရှိတဲ့ အဝတ်စကလေးတွေရယ်၊ ရဲဘော်တစ်ယောက်ရဲ့ ပုဆိုးလေးရယ်ကိုပဲ ဝတ်ခဲ့ရတယ်လို့ ရေးသားခဲ့ရာမှာ ပြည်သူအများ စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။

Tampon, Pad, Menstrual cup ©google
Tampon, Pad, Menstrual cup ©google

ကောမန့်မှာ မြို့ပေါ်နေ အမျိုးသမီးတချို့က pad အစား menstrual cup (ဓမ္မတာ ခွက်) သုံးသင့်ကြောင်း အကြံပြုခဲ့ကြပါတယ်။ ဒီ့အတွက် စစ်ဘေးရှောင်စခန်းနဲ့ ပြေးလွှားနေရသူ အမျိုးသမီးတွေအနေနဲ့ ဓမ္မတာခွက်က လက်တွေ့ အသုံးဝင်နိုင် မဝင်နိုင်ကို တွေးကြည့်နိုင်ဖို့ သူ့ရဲ့ ကောင်းကွက် ဆိုးကွက်ကလေးတွေကို ပြောပြချင်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/be/be320058ff1c1bd8ab73b884aac54bafa7d1901e.jpg

ဓမ္မတာခွက်ဆိုတာ ရာဘာ ဒါမှမဟုတ် ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ ရေစစ်ပုံ ခွက်ပျော့ပျော့လေးပါ။ သူ့မှာ အကြီး အသေး ခွဲထားပြီး ယေဘုယျအားဖြင့် အသက် ၃၀ အောက် အပျိုဆို ခွက်အသေးသုံးရပါတယ်။ အသက် ၃၀ အထက် ကလေးမွေးဖူးသူတွေနဲ့ သွေးဆင်းများတဲ့သူတွေမှာတော့ ခွက်အကြီးကို သုံးရပါတယ်။ ဒါပေမဲ့ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက် မွေးလမ်းကြောင်း အတိုအရှည် မတူတဲ့အတွက် တချို့တွေမှာ ဒီခွက်နဲ့ ဘယ်လိုမှ မတော်တာမျိုးလည်း ရှိတတ်ပါသေးတယ်။ ကဲ... တော်တယ်ပဲ ဆိုပါစို့။ ထည့်မယ်ဆို ဘယ်လိုထည့်ရမလဲ။

https://s9.kh1.co/__image/w=612,h=612,q=100/37/3792f2fdac4c3e57ea440c98f4405dc38e0f7de9.menstrual-cup-diagram-vector-id1017915226

သူက pad ထက် အများကြီး ပိုပြီး အလုပ်ရှုပ်ပါတယ်။ မထည့်ခင်မှာ လက်ကို စင်ကြယ်အောင် ဆေးရပါတယ်။ ခွက်ကိုလည်း ရေနွေးနဲ့ စိမ်ပြီး ပိုးသတ်ရပါတယ်။ ပြီးရင် ခွက်အဝလေးကို ချောဆီနဲ့ သုတ်၊ ထက်ဝက်ခေါက်ရပါမယ်။ ပြီးရင် ခြေထောက်ကို တတ်နိုင်သလောက် ကားပြီး လက်နဲ့ ထိုးထည့်ရတာပါ။ အမျိုးသမီးတော်တော်များများ သုံးတယ်၊ အဆင်ပြေတယ်ဆိုပေမဲ့ ခုမှ စသုံးမယ်ဆိုရင် ထည့်တဲ့နေရာမှာ အရမ်းခက်သလို နာလည်း နာပါတယ်။

https://s9.kh1.co/__image/w=650,h=563,q=100/02/028e6be1aded44b2c6d9f555cd3eb9511a8f0f65.jpg

ဒီလိုဆိုလို့ ဓမ္မတာခွက်က လုံးဝမကောင်းတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ အရမ်းကောင်းတဲ့အချက်က ပိုက်ဆံကုန် သက်သာတာပါ။ တစ်ခွက်ဝယ်ထားပြီးရင် တစ်နှစ်ကနေ ဆယ်နှစ်အထိ သုံးလို့ရပါတယ်။ တစ်ခါသုံးလိုက် ပြန်ဆေးလိုက် ပြန်သုံးလိုက်နဲ့ ခဏခဏ ဝယ်စရာမလိုပါဘူး။ နောက်တစ်ချက်က အချိန်ကြာကြာ ခံနိုင်တာပါ။ Pad ဆို ၆ နာရီ တစ်ခါ လဲရပေမဲ့ ခွက်က ၁၂ နာရီအထိ ထားလို့ရပါတယ်။ တစ်နေ့လုံး တစ်ညလုံး ပစ်ထားလို့လည်း ရပါတယ်။ အဝတ်အစားကိုလည်း စွန်းမှာ စိတ်ပူစရာ မလိုတော့ပါဘူး။

https://s9.kh1.co/__image/w=650,h=488,q=100/15/15a5da0edbd5261fa486c74181a4d042a8e3d607.jpg

ဒါဆိုရင် စစ်ဘေးရှောင် အမျိုးသမီးတွေအတွက် pad နဲ့ ဓမ္မတာခွက် ဘာကို သုံးသင့်လဲဆိုတဲ့ မေးခွန်းက ပေါ်လာပါတယ်။ အမှန်အတိုင်းပြောရရင်တော့ ဓမ္မတာခွက်ရဲ့ လုံးဝ အရေးအကြီးဆုံးအချက်က သန့်ရှင်းရေးပါ။ ထည့်ရင်ရော၊ ထုတ်ရင်ရော လက်ကို ရေနိုင်နိုင် ဆေးရပါမယ်။ ခွက်ကလေးကိုလည်း ဆေးရ၊ ပိုးသတ်ရပါမယ်။ ဒါကို သေချာမလုပ်နိုင်ရင် သူက မွေးလမ်းကြောင်းထဲ တိုက်ရိုက်ထည့်တဲ့ ပစ္စည်းမို့လို့ ပိုးဝင်ဖို့ ရာနှုန်း ပိုများပါတယ်။ ပြီးတော့ ဝယ်မယ်ဆိုရင် ပြည်တွင်းထုတ် ခွက်တစ်ခွက်ရဲ့ စျေးနှုန်းက နှစ်သောင်းနီးပါးပါ။ ဒီတော့ pad ကတော့ ပိုလက်တွေ့ကျပြီး အဆင်ပြေနေပါတယ်။ ဒါပေမဲ့ ကိုယ်ရောက်နေတဲ့ နေရာပေါ် မူတည်ပြီး ရေနဲ့ ဆပ်ပြာ အလုံအလောက်ရှိမယ်၊ ဝယ်ပို့ပေးမယ့်လူလည်း ရှိရင်တော့ ဓမ္မတာခွက်နဲ့ အဆင်ပြေနိုင်မှာပါ။ အမျိုးသမီးများအားလုံး သန့်ရှင်းကျန်းမာပြီး နွေးထွေးတဲ့အိမ်ကို အမြန်ဆုံး ပြန်နိုင်ကြပါစေ။

Ref - www.healthline.com

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T