နာမည်ကျော်ရက်ပ်အဆိုတော် လွှမ်းပိုင်ကနေပြီး ကိုယ်တိုင်ပရိုဂျူဆာအဖြစ် Underground က လူငယ်ဂီတသမားတွေကို စီးရီးတစ်ခွေ ထုတ်ပေးမယ့်အကြောင်းကို ပြောဆိုခဲ့ပါတယ်။

" ကျွန်တော်ကိုယ်တိုင် Underground မှာ ကျင်လည်ခဲ့တုန်းကလည်း အခွေက ဘယ်ကနေ ထွက်ရမှန်း မသိဘူး။ ဘယ်လိုစပြီး လုပ်ရမှန်းလည်း မသိဘူး။ ကျွန်တော်ငယ်ငယ်တုန်းက ဖြစ်သလိုမျိုး ယောင်လည်ယောင်လည် ဖြစ်နေတဲ့ လူငယ်တွေ အများကြီး ရှိမှာပဲလေ။ သူတို့မှာလည်း သီချင်းကောင်းတွေ ရှိရဲ့သားနဲ့ အခွင့်အရေး မရှိကြတော့ ခွေမထွက်နိုင်ကြဘူးလေ။ ကျွန်တော် အဲ့ဒါကို ကိုယ်ချင်းစာတဲ့အတွက် အခွေလေးတစ်ခွေ ထုတ်ပေးဖို့ စီစဉ်ဖြစ်တာပါ။ " လို့ အဆိုတော်လွှမ်းပိုင်ကပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပါဝင်မယ့် တက်သစ်စလူငယ်အဆိုတော်တွေ ရွေးချယ်မယ့်အကြောင်းကို " သူတို့ကိုယ်တိုင်ဆိုတဲ့ သီချင်းတွေလည်း ပါပါမယ်။ ကျွန်တော်နဲ့ တွဲဆိုတဲ့ သီချင်းတွေလည်း ပါပါမယ်။ ဒီခွေလုပ်ဖို့ စိတ်ကူးရတာလည်း သိပ်မကြာသေးပါဘူး။ အခွေအတွက် လူရွေးတာတွေ၊ ဘာတွေလုပ်ဖို့ နောက်တစ်လ၊ နှစ်လလောက်တော့ အချိန်ယူရဦးမှာပေါ့။ အဲ့ဒါပြီးတော့မှ သီချင်းတွေ သေချာစလုပ်လို့ရမှာပါ။ " ဟု ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။

" အဓိကကတော့ သူတို့ဖန်တီးထားတဲ့ သီချင်း ကောင်းမကောင်းပေါ် မူတည်ပြီးတော့ပဲ ကျွန်တော် ရွေးမှာပါ။ ကျန်တာကတော့ ဘာမှထည့်ပြီး မစဉ်းစားပါဘူး။ စီးရီးအတွက် လူဦးရေလည်း ကန့်သတ်မထားပါဘူး။ အဆင်ပြေရင် ပြေသလိုပေါ့။ ဆယ်ယောက်ရှိနေရင်လည်း ကျွန်တော် ဆယ်ယောက်လုံး စီးရီးမှာ ထည့်ပေးမှာပေါ့။ ရှိရင်ရှိသလောက် ကျွန်တော် ထုတ်ပေးမှာပါ။ "

Underground Music မှာ ကျင်လည်ခဲ့ရတဲ့ လွှမ်းပိုင်က သူ့ရဲ့ အတွေ့အကြုံကို ယခုလို ဝေမျှပြောဆိုခဲ့ပါတယ်။ 

" ကျွန်တော့်တုန်းကတော့ ကိုအာဘွိုင်းတို့ရဲ့ Rock Star Family လက်တွဲ ခေါ်ခဲ့တာပေါ့။ အခုချိန်မှာ ကျွန်တော်လည်း ဂီတလောကမှာ နေရာတစ်ခု ရလာပြီဆိုတော့ Underground က လူငယ်တွေကို ပြန်ပြီးတော့ လက်တွဲခေါ်ချင်လို့ပါ။ အားလုံးကတော့ လူငယ်ဘဝမှာ အရမ်းလုပ်ချင်နေတဲ့အချိန် ဆိုတော့ ကျွန်တော်တောင် ဘာမှပြောပြစရာ မလိုပါဘူး။ ကျွန်တော့်ထက်တောင် ပိုပြီး သူတို့က အောင်မြင်ဖို့ စိတ်အားထက်သန်နေကြမှာပါ။ အားလုံးကလည်း ကြိုးစားနေကြတဲ့ လူငယ်တွေချည်းပါပဲ။ " 

Source : the voice

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။