စာဖတ်သူတွေဗဟုသုတရစေဖို့အတွက် ဒီတခါက်မှာတော့Googleကိုတီထွင်ပြီး ဘီလျံနာသူဌေး ဖြစ်သွားတဲ့ ရုရှားနိုင်ငံဇာတိ ဂျူးလူမျိုး ဆာဂေးဘရင် အကြောင်း ပြောပြပေးချင်ပါတယ်။ Google လို့ဆိုလိုက်တာနဲ့ Search Engine အဖြစ်လူတိုင်းလိုလိုသိကြမှာပါ။ သို့သော် တီထွင်သူဆာဂေးဘရင် ရဲ့အကြောင်းကို တော့သိသူနည်းမှာပါ။

ဆာဂေးရဲ့မိဘနှစ်ပါးဟာ ဂျူးလူမျိုးပညာတတ်တွေဖြစ်ကြပါတယ်။ မိဘတွေကအမေရိကန်နိုင်ငံကို ပြောင်းရွှေ့အခြေချနေထိုင်ရာက သူလဲအမေရိကားမှာကျောင်းတက်ဖြစ်ရင်း ကွန်ပျူတာဘွဲ့နဲ့သချာင်္ဘွဲ့နှစ်ခုကို မေရီလန်းတက္ကသိုလ်ကနေဂုဏ်ထူးတွေနဲ့အောင်မြင်ခဲ့ပါတယ်။ ပြီးနောက် စကောလားရှစ်ပညာသင်ဆုကို Standford University မှကမ်းလှမ်းတာကြောင့် ဒေါက်တာဘွဲ့အတွက်ကျောင်းဆက်တက်ဖြစ်ခဲ့တယ်။ သိပ်မကြာခင်မှာ သူစိတ်ဝင်စားတာတစ်ခုသူ့အတွေးထဲမှာပေါ်လာတယ်။ အဲ့ဒါကတော့ အင်တာနက်နဲ့ ၀က်ဆိုဒ်တွေက လိုချင်တဲ့ သတင်းအချက်အလက် (information) တွေ၊ စာရွက်စာတမ်း (document) တွေကို ရှာဖွေခြင်းပါ။

Google Search Engine ဖြစ်ပေါ်လာဖို့ ပထမဆုံးခြေလှှမ်းများအနေနဲ့ သူဟာ တက္ကသိုလ်မှာ Search Engine နဲ့ပတ်သက်တဲ့ စာတမ်းတွေရေးပြီး ကျောင်းရဲ့ဝက်ဆိုဒ်တွေမှာတင်ပေးတယ်။ ပြီးတော့ Search Engine အတွက် ပရိုဂရမ်တွေ စမ်းပြီးရေးတယ်။ ၁၉၉၅ခုနှစ်မှာ ဆာဂေးဟာ သူ့လိုပဲ ဒေါက်တာဘွဲ့ယူဖို့ သင်တန်းတက်နေတဲ့ လယ်ရီပေ့ဂျ် (Larry Page) နဲ့ ကျောင်းအစည်းအဝေးတစ်ခုမှာဆုံမိပြီး မိတ်ဆွေဖြစ်သွားကြတယ်။ သူတို့နှစ်ယောက်လုံးဟာ များပြားလှတဲ့သတင်း (information) တွေကနေ လိုချင်တဲ့အချက်အလက် (data) ကိုဆွဲယူချင်တဲ့ဝါသနာချင်းတူတာကြောင့် အရမ်းကိုခင်မင်သွားကြတယ်။ Standford University ကျောင်းသားတွေ စာတမ်းလုပ်ရာမှာသုံးဖို့ BackRub ဆိုတဲ့ Search Engine တစ်ခုကိုတီထွင်နိုင်ခဲ့ကြတယ်။

ဒါပေမယ့် အကန့်အသတ်တွေ ရှိနေတာကြောင့် အချက်အလက်တွေကိုပိုမိုမြန်ဆန်တိကျအောင် ဆွဲထုတ်ပေးနိုင်တဲ့ Search Engine တစ်ခုအတွက်ပရိုဂရမ်တစ်ခုကို ကြိုးစားရေးဆွဲကြတယ်။ သူတို့စစချင်းနာမည်ပေးဖြစ်တာက Googol ပါ။ အဓိပ္ပာယ်ကတော့ ၁ နောက်မှာသုညတွေအများကြီးရှိတာပဲဖြစ်ပါတယ်။ ဒါပေမယ့် စာလုံးပေါင်းမှားရေးမိပြီး Standford တက္ကသိုလ်ရဲ့ဝက်ဆိုဒ်မှာ “Google” နာမည်နဲ့မှတ်ပုံတင်ဖြစ်လိုက်တယ်။ စာလုံးပေါင်းမှားနေတာကို မှတ်ပုံတင်ပြီးမှသတိပြုမိကြတယ်။ စာလုံးမှား Google ကိုမပြင်ဖြစ်ဘဲ google.standford.com ၀က်ဆိုဒ် ပေါ်ပေါက်လာခဲ့ပါတယ်။

နောက်ပိုင်းမှာ Cisco Systems က အစုငွေတစ်သိန်း ထည့်ဝင်တာကြောင့် Google ကုမ္ပဏီကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဆာဂေးက ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ၊ လယ်ရီက စီအီးအိုအဖြစ် တာဝန်ယူခဲ့ပါတယ်။ လုပ်ငန်းတွေကို တိုးချဲ့ရင်း ၂၀၀၁ ခုနှစ်အကုန် မှာတော့ Googleရဲ့ တစ်နှစ်ဝင်ငွေဟာ ဒေါ်လာ ၈၅ သန်းဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်အရောက်မှာတော့ ဆာဂေးရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုဟာ ဒေါ်လာ ၂၈.၉ ဘီလီယံဖြစ်လို့ အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရငး်မှာ တစ်ဦးအပါအဝင်ဖြစ်လာခဲ့ပါတယ်။

အကိုးအကား - ဗန်းမော်သိန်းဖေ ဆင်းရဲနွံမှ ချမ်းသာဘုံသို့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။