လူကြိုက်များတဲ့ အစားအသောက်ပုံစံကို ပြောပါဆိုရင် ချဉ်ငံစပ်ဆိုရင် မမှားနိုင်ပါဘူး။ အခုလည်း ထမင်းစားမြိန်စေဖို့အတွက် မန်ကျည်းသီးစိမ်း ငါးပိထောင်း လုပ်နည်းလေးကို တင်ဆက်ချင်ပါတယ်။ အခုအချိန် စျေးထဲ သွားတဲ့အခါ မန်ကျည်းသီးစိမ်းတွေကို ပေါပေါသီသီ တွေ့နေရမှာ ဖြစ်ပါတယ်။ မန်ကျည်းသီးစိမ်း ပေါ်တဲ့ အချိန်မို့ အခုလို မန်ကျည်းသီးစိမ်း ငါးပိထောင်း လေးကို လုပ်စားဖို့ သင်တော် လွယ်ကူပါတယ်။

လိုအပ်သော ပစ္စည်းများ -

မန်ကျည်းသီးစိမ်းနုနု............၁၀ ကျပ်သားခန့်

ကြက်သွန်ဖြူ......................၅မွှာ

ငရုတ်သီးစိမ်း.. ..................၁၅တောင့်ခန့်

မျှင်ငါးပိ............................၁ဇွန်း (ထမင်းစားဇွန်း)

ပုစွန်ခြောက်......................၁ဇွန်း

ပဲဆီသန့်..........................၃ဇွန်းခန့်

ပြုလုပ်ပုံအဆင့်ဆင့် ……

(၁) မန်ကျည်းသီးစိမ်းလေးတွေကို အပွေးမှုန်လေးတွေပြောင်စင်စေရန်အတွက် ဆားနှင့်အနည်းငယ်ပွတ်ပြီးဆေးပါ။ ဓားနှင့်ခြစ်ပြီးမှ ရေဆေးပေးလည်း ရပါတယ်။

(၂) မျှင်ငါးပိကိုဇွန်းပြားလေးမှာကပ်ပြီးမီးကင်ပါ။

(၃) ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်တို့ကိုမွှေးနေအောင်လှော်ပေးပါ။

(၄) လှော်ထားတဲ့ငရုတ်သီးကို ဦးစွာညှက်အောင်ထောင်းပါ။ ညှက်သွားလျှင်မီးကင်ထားတဲ့ငါးပိထည့်ထောင်းပြီး ငရုတ်ဆုံထဲမှ ခဏ ဖယ်ထုတ်ထားပါ။

(၅) မန်ကျည်းသီးစိမ်းနုနုလေးတွေထည့်ပြီး ညက်အောင် ထောင်းပါ။ မန်ကျည်းသီးစိမ်းတွေ အညိုရောင် မပြောင်းရန်အတွက် ထောင်းနေစဉ်အတွင်း ဆားအနည်းငယ် ထည့်ပြီး ထောင်းပေးပါ။ အရသာ ပြည့်စုံစေရန် ဟင်းခတ်မှုန့်ထည့်ပြီး အရသာ စေးညှက်နေအောင်ထောင်းပါ။

(၆) ထို့နောက် ထောင်းထားသော မန်ကျည်းသီးနှင့် ငရုတ်သီး၊ ငါးပိတို့ကို ပဲဆီသန့်သန့်လေး ထည့်ပြီးမွှေပါ။

ကဲ အခုဆိုရင်တော့ အရမ်းအရသာရှိပြီး စားကောင်းလှတဲ့ မန်ကျည်းသီးစိမ်းငါးပိထောင်းလေး ရပါပြီ။ ထမင်းစား မြိန်တာမို့ လုပ် စားဖြစ်အောင် လုပ်စားကြနော် … ။

သတင်းအရင်းအမြစ် - ဟင်းချက်နည်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။