ဆိုင်တိုင်းမှာ မပါမဖြစ်တဲ့ ဟင်းလျာတစ်ပွဲဆိုလည်း မမှားပါဘူး။ တစ်ချို့ဆိုင်တွေဆို ခံတွင်းမတွေ့၊ လက်ရာမကောင်းလို့ အိမ်မှာ ကိုယ်တိုင်ချက်စားကြတဲ့ ဟင်းလျာလို့လည်း ပြောလို့ရပါတယ် ။ ဒါဆို ကိုယ်တိုင် ဘယ်လိုချက်မလဲ … ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်းတွေကိုရော ဘယ်လို မျှဝေမလဲ …. ဒါလေးတွေကို လုပ်နိုင်ဖို့အတွက် တုံယမ်းဟင်းချိုချက်နည်းကို မျှဝေလိုက်ပါတယ်။ အခုလို အေးတဲ့ ရာသီမှာလည်း ချက်စားဖို့ သင့်တော်တဲ့ ဟင်းချို တစ်ခွက်ပါပဲ။  

ပါ၀င်သောပစ္စည်များ

- တုံယမ်း (အခဲ) - ၁တုံး

- တုံယမ်း အနှစ် - တဝက်

- အုန်းနို့ - ၁၀၀ မီလီလီတာ

- ငုန်းဥ -၁၀လုံး (ပြုတ်ပြီး အခွံနွှာထားပါ)

- ပုဇွန် - ၂၀ ကျပ်သား (အမြှီးကိုချန်ပြီး အခွံနွှာထားပေးပါ)

- ကင်ပွန်ငါး - ၁၅ကျပ်သား (သန့်စင်းပြီး တစ်လက်မဝက်ခန့် ပိုင်းဖြတ်ထားပါ)

- ခရမ်းချဉ်သီး - ၃လုံး (အစေ့ထုတ် ၈စိပ်စိပ်ပါ)

- ပြောင်းဖူးသေး - ရခု (အစောင်း ပါးပါးလှီးပါ)

- ပဲပြား - ၁တုံး (အရှည်ပါးပါး လှီးပါ)

- ပန်းကော်ဖီ - တစိတ် (အတုံးလေးများ တုံးထားပါ)

- သံပရာသီး - ၁လုံး

- နံနံပင် - ၁စည်း (ပါးပါးလှီးပါ)

- ရှမ်းနံနံ - အနည်းငယ် (ပါးပါးလှီးပါ)

- ကြက်သွန်ဖြူ - ၃မွှာ (နုပ်နုပ်ဆင်းပါ)

- ကြက်သွန်နီ - ၂လုံး (၈ စိပ်စိပ်ထားပါ)

- ဂျင်း - လက်တဆစ် (ပါးပါးလှီးပါ)

- ငရုတ်သီးစိမ်း - အနည်းငယ် (တစ်ဝက်ခြမ်းပါ)

ပါ၀င်ပစ္စည်း အမယ်တွေ များလို့ စိတ်မညစ်သွားနဲ့နော်။ ချက်နည်းက အင်မတန်လွယ်ကူတာကြောင့် တစ်ခါလောက်တော့ စမ်းချက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။  

ချက်ပြုတ်ပုံအဆင့်ဆင့်

၁။ တုံယမ်းချက်ရန် ဒယ်အိုး တစ်ခုထဲသို့ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ အရောင်မှုန့်၊ တို့ကို မိနစ်ဝက်မျှ ဆီသပ်ပေးပါ။

၂။ ထို့နောက် အရသာအတွက် တုံးယမ်းအခဲ၊ တုံယမ်းအနှစ်၊ ဆား၊ ကြက်သားမှုန့်၊ ငါးငံပြာရည်၊ သံပရာရည်များကို ထည့်၍ ရောမွှေလိုက်ပါ။

၃။ ရေ(လီတာ)၀က်ခန့် ထည့်ပြီ အဖုံးအုပ်ကာ ပွက်ပွက်ဆူအောင်ထိ တည်ထားပေးပါ။

၄။ ပွက်ပွက်ဆူလာသောအခါ ပုဇွန် နှင့် ကင်ပွန်ငါး များကို ထည့်ပြီး မွှေပေးပါ။

၅။ ဟင်းရွက်များဖြစ်သော ပြောင်းဖူးသေး၊ ပန်းကော်ဖီ၊ ကြက်သွန်နီစိပ် တို့ကို ထည့်ရောမွှေလိုက်ပါ။

၆။ ပြီးနောက် အနူးလွယ်သော ခရမ်းချဉ်သီး၊ ပဲပြား၊ ငုန်းဥတို့ကို ထည့်ပြီး မွှေပါ။ အရသာ မြည်းကြည့်ပြီး အပေါ့အငန် လိုသလို ပြင်ပါ။

၇။ နောက်ဆုံးမှ အုန်းနို့ ထည့်မွှေလိုက်ပြီး နံနံပင်နှင့် ရှမ်းနံနံတို့ အုပ်ပေးပါ။

အခုဆိုရင်တော့ အရသာရော၊ အနံ့ရော သင်းပျံ့နေတဲ့ တုံယမ်းဟင်းချိုကို သုံးဆောင်နို်င်ပါပြီ ဖြစ်ပါတယ်။

Source: Wutyee Foood House 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။