ဒီတစ်ခါကတော့ အရင်ကနဲ့ မတူဘဲ ဟင်းချက်နည်း မဟုတ်ဘဲ အချဉ်ရည် ဖျော်စပ်နည်းလေးပါဘဲ။ အချဉ်ရည် ကောင်းကောင်း ဖျော်စပ်တတ်ပြီဆိုရင်တော့ အသုပ်လည်း ကောင်းကောင်း သုပ်တတ်ပြီ ဖြစ်ပါတယ်။ အသုပ် သုပ်စားတဲ့အခါ အချဉ်ရည်ကတော့ တကယ့် ခရာ တစ်ခုပါပဲ။ အသား တုတ်ထိုး၊ အသီးအရွက် တုတ်တိုးတွေ စားတဲ့ အခါမှာလည်း အချဉ်ရည်သာ မကောင်းရင် အရသာ မရှိ၊ ခံတွင်း မတွေ့နိုင်ပါဘူး။ ဒ့ါကြောင့် မြန်မာအချဉ်ရည်လေး ကောင်းကောင်း ဖျော်စပ်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေး မျှဝေပေးလိုက်ပါတယ်။


လိုအပ်သော ပစ္စည်းများ

- မကျည်းသီးမှည့် အနည်းငယ်

- သကြားအညို (သဘာဝ သကြား) သို့မဟုတ် ထန်းညက် အညို

- ငရုတ်သီးစိမ်း အနည်းငယ်

- ကြက်သွန်ဖြူ အနည်းငယ်

- ယိုးဒယား ငရုပ်ဆီအနှစ် အနည်းငယ်

- မြန်မာနံနံပင် တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်ပုံ အဆင့်ဆင့်

(၁) မကျည်းသီးမှည့်ကို ရေနွေးနွေးလေးနဲ့စိမ်ပြီး အနှစ်ရအောင် ပြုလုပ်ပါ။ (ရိုးရိုးရေနှင့် မပြုလုပ်ဘဲ ရေနွေးနဲ့ အနှစ်ရအောင် ပြုလုပ်ခြင်းက ကျန်းမာရေးအတွက် ပိုပြီး သင့်တော်ပါတယ်။)

(၂) သကြားအညို (သို့) ထန်းညက် ကို ရေအနည်းငယ်ထည့်ပြီး ကျိုချက်ထားပါ။ ပါ၀င်သော အနယ်များကို စစ်ထုတ်ပြီး အရည်သန့်သန့် ထားပါ။

(၃) ကြက်သွန်ဖြူ နှင့် ငရုတ်သီးစိမ်းအား ရော၍ ညက်နေအောင် ထောင်းထားပါ။

(၄) ဇလုံတစ်ခုထဲသို့ ယိုးဒယား ငရုပ်ဆီ အနည်းငယ်၊ မကျည်းသီးမှည့်အရည်၊ သကြားရည်၊ ထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုပ်သီး အားလုံကို ပေါင်းစပ်၍ သမအောင် မွှေပေးပါ။

(၅) ထို့နောက် အရသာမြည်း၍ ငံပြာရည်၊ အချိုမှုန့် စသည်ဖြင့် မိမိ နှစ်သက်သလို ပြင်ပါ။

(၆) နောက်ဆုံးမှာတော့ မြန်မာ နံနံပင်အား ရေဆင်အောင်ဆေး၍ ထိုဇလုံထဲသို့ ညှပ်ထည့် ပြီး အကုန်ရောမွှေပေးပါ။

ကဲ အခုဆိုရင်တော့ ဘာနဲ့ပဲ ဖြစ်ဖြစ် တွဲဖက်စားသုံးလို့ရတဲ့ အရသာ ရှိလှသော မြန်မာ အချဉ်ရည်လေး တစ်ခွက် ရပါပြီ။ အားလုံးပဲ အရသာရှိရှိ သုံးဆောင်နိုင်ကြပါစေ … ။

Photo Credit: Myat Noe Eain

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။