မြိတ်မြို့ တောင်ကုန်းပေါ်တွင် အရေးပိုင်များအတွက် အိမ်တစ်အိမ် ဆောက်ထားသည်။ အလွန်ကြီးမားပြီး သစ်ပင်ကြီးများလည်း အုပ်ဆိုင်းလျက်ရှိနေ ပါတယ်။ စာရေးဆရာ မောရစ်ကောလစ် နဲ့ မိတ်ဆွေတစ်ဦးတို့ ဟာထိုအိမ်ကို ပြောင်းရွေ့နေထိုင် ခဲ့ကြပါတယ်။ မိတ်ဆွေမှာ ဘယ်ဂျီယံ နိုင်ငံသားပန်းချီဆရာဖြစ်ပါတယ်။ ထိုအိမ်ကြီး ကို ပြောင်းရွေ့ခဲ့သည့် ညမှာဘဲ သည်းထိပ်ရင်ဖို ဖြစ်ရပ်များ စတင်ကြုံခဲ့ရပါတယ်။ မောရစ်ကောလစ် အခန်းတစ်ခန်းတွင် အိပ်သည်။ မိတ်ဆွေ ပန်းချီဆရာလည်း သီးခြားအခန်းတစ်ခန်း တွင်ဝင်အိပ်သည်။

မောရစ်ကောလစ်အိပ်ရာဝင်ခဲ့ သည်။ ၁၀နာရီ ပင်ထိုးခါနီးပြီ။ အိပ်ရာပြောင်း နေရာပြောင်းဖြစ်၍ တော်တော်နှင့် အိပ်မပျော်၊ အချိန်အတော်ကြာမျှ ဘယ်ညာလူးလိမ့် လုပ်နေမိသည်။ ထိုစဉ် သဘာဝမဟုတ်သော ထူးထူးဆန်းဆန်း အသံများကြားရသည်။ တစ်စုံတစ်ဦး က တစ်စုံတစ်ခုပေါ်လာခေါက်နေသည်။ အသံကျယ်ကျယ် ဖြင့် လာရောက်ထုနေသည်။ နှက်နေသည်။ မောရစ်ကောလစ်က သူစိတ်ထင်နေခြင်းသာဖြစ်မည် ဟု ယူဆသည်။ လေးလေးနှင့်မှန်မှန် ထွက်ပေါ်နေသော အသံများကို နားစွင့်ထောင်မိ၏။ ခေါက်သံမှာ စိတ်ထင်မဟုတ်။ တကယ်ထုနှက်နေခြင်း၊ တီးခေါက်နေခြင်းဖြစ်သည်။ လက်ဖြင့်ခေါက်နေသံ ဖြစ်ကြောင်းထင်ရှား သည်။ ခေါက်သံထုသံများနဲ့ အတူ အိမ်ကြီးတစ်အိမ်လုံးလည်း သိမ့်သိမ့်တုန်နေသည်။ ရုတ်တရက်ဆိုလျှင် ငလျင်လှုပ်နေသလား ဟုပင် ထင်မိနိုင်သည်။

ထိုစဉ် အိမ်ခေါင်မိုး ပေါ်မှ ကြောက်စရာအသံ ကြီးတစ်သံ ထွက်လာသည်။ ခြေထောက်ဖွ နင်းသွားသည့်အသံ ဖြစ်သည်။ သားကောင်ကြီးတစ်ကောင်၏ ခြေသံမျိုးဖြစ်သည်။ ထိုသို့ ကြောက်စရာအသံပေါင်းစုံ ထွက်ပေါ်နေစဉ်မှာပင် မောရစ်ကောလစ် ရုတ်တရက်အိပ်မောကျသွားသည်။၏

ထိုအခိုက်မှာပင် အခြားအခန်းတစ်ခန်းအတွင်း ဘယ်လ်ဂျီယံပန်းချီ ဆရာကြောက်လန့်တကြား ထထိုင်လိုက်သည်။ မီးထဖွင့်သည်။ ထို့နောက် မောရစ်ကောလစ်၏ အိပ်ခန်းအတွင်းသို့ ပြေးဝင်သွားပြီး

"ကြောက်စရာအကောင်ကြီးတစ်ကောင်ဗျ။ အိမ်ကြီးနောက်ဘက် လှေကားကတက်လာတယ်။ ကျုပ်ကိုခုတင်ပေါ်က ဆွဲချတယ်။ ပြီးတော့ ခင်ဗျား အခန်းထဲဝင်သွားလေရဲ့"

မောရစ်ကောလစ်နှင့် ပန်းချီဆရာ တို့ ထိုကိစ္စကို လလျှို့ဝှက် ထားကြသည်။ မည်သူကိုမျှ ပြောမပြခဲ့ပေ။ ရက်အနည်းငယ် အကြာတွင် ထိုအိမ်ကြီးသို့ မောရစ်ကောလစ်၏ ဇနီးလိုက်လာသည်။ ကလေးနှစ်ယောက်လည်း ပါလာသည်။ ကလေးထိန်းမည့် အင်္ဂလိပ် အမျိုးသမီးကြီးတစ်ဦးလည်း အတူလိုက်လာသည်။ မောရစ်ကောလစ်နှင့်ဇနီးတို့က အိပ်ခန်းတစ်ခန်းတွင် အိပ်သည်။ ကလေးထိန်းအင်္ဂလိပ် အမျိုးသမီးနှင့် မောရစ်ကောလစ်၏ သားသမီးနှစ်ယောက် က တစ်ခန်းသီးသန့်ခွဲအိပ်သည်။ ထိုအခန်းမှာ ဘယ်လ်ဂျီယံပန်းချီဆရာအိပ်ခဲ့သည်။ အခန်းနောက်ဘက်လှေခါးမှ တက်လာပြီး ကြောက်စရာအကောင်ကြီးက ပန်းချီဆရာ ခြေထောက်ကို ဆွဲချခဲ့သည့်အခန်းဖြစ်သည်။

ပထမည ဘာသံမျှ မကြားရ။ မည်သို့မျှ မဖြစ်ခဲ့ပေ။ တစ်ညတွင်မူ ကလေးထိန်းအမျိုးအခန်းထဲမှ အထိတ်တလန့်် အော်သံကြားရ၏။ မောရစ်ကောလစ်တို့ ဇနီးမောင်နှံ လန့်နိုးသွားသည်။ ကလေးထိန်းအခန်း သို့ အပြေးအလွှားဝင်ကြည့်ရာ အမျိုးသမီးမှာ အလွန်တုန်လှုပ်ကြောက်လန့်နေသည်။ "မမြင်ရတဲ့လူတစ်ယောက် က ခုတင်ပေါ်ကတွန်းချလို့ပါ" ဟုပြောသည်။ ရက်သတ္တပတ် အနည်းငယ်ကြာသွား၏။ မောရစ်ကောလစ် ခရီးထွက်သွားသည်။ အိမ်ကြီးပေါ်တွင် မောရစ်ကောလစ်၏ ဇနီးကလေးနှစ်ဦးနှင့် ကလေးထိန်းအမျိုးသမီးတို့သာ ကျန်ခဲ့သည်။

တစ်ညတွင် အိမ်ကြီးအတွင်း လေချွန်သံကြားရသည်။ ထုသံခေါက်သံများထွက်ပေါ်လာသည်။ မောရစ်ကောလစ်၏ ဇနီးကသတ္တိအလွန်ကောင်းသည်။ တစ်အိမ်လုံးရှိ မီးအိမ်များကို လိုက်လံထွန်းညှိသည်။ ထိုအခါမှ အသံဗလံများလုံးဝ ပျောက်ကွယ်သွားသည်။ မကြာမီ မောရစ်ကောလစ်ဇနီးနှင့် ကလေးနှစ်ဦး အင်္ဂလန်သို့ ခေတ္တပြန်သွားသည်။ အိမ်ကြီးတွင် မောရစ်ကောလစ်တစ်ယောက် တည်းအိပ်ရသည်။ ထိုည ခုတင်တစ်ခုလုံးလှုပ်ခါသွားသည်။ လန့်နိုးသွားသည်။ မျက်စိဖွင့်ကြည့်လိုက်မိ၏။ သူ့ခုတင်ခေါင်းရင်းတွင် တစ်စုံတစ်ယောက်လာရပ်နေသည်။ ယောကျာင်္းတစ်ဦးဖြစ်သည်။ မြန်မာအဝတ်အစားများ ၀တ်ဆင်ထားသည်။ တအံ့တသြ ကြည့်နေခိုက်မှာပင် ရုတ်တရက်ပျောက်ကွယ်သွားခဲ့သည်။

အကိုးအကား- မြန်မာ့ဖြစ်ရပ် ၁၀၀

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။