၁၉၄၃ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် ဂျပန်တို့က လွတ်လပ်ရေးပေးသည်။ အတုအယောင် လွတ်လပ်ရေးမျှသာ ဖြစ်ကြောင်း ထင်ရှားသည်။ ထိုခေတ်က အဓိပတိဒေါက်တာ ဘမော် အစိုးရအဖွဲ့တွင် သခင်နု(နောင်တွင်နိုင်ငံတော်ဝန်ကြီးချုပ်) သည် နိုင်ငံခြားရေးဝန်ကြီး အဖြစ် အမှုထမ်းရသည်။ ဂျပန်ခေတ် နိုင်ငံခြားရေးရုံးသည် အမှတ်၈၈၊ ပြည်လမ်း၊ အင်းလျားကန်ဘေး တွင်တည်ရှိခဲ့သည်။

ဂျပန်ခေတ်နိုင်ငံခြားရေးဝန်ကြီး ဌာနတွင် အင်္ဂလိပ်စာ ပါမောက္ခဦးမျိုးမင်း၊ ဦးထင်ဖတ်(မောင်ထင်)၊ တက္ကသိုလ်ထင်ကြီး၊ သချင်္ာပါမောက္ခဦးဘတုတ်၊ ဆရာဦးခင်မောင်လတ် တို့သည် အထက်တန်းအရာရှိကြီးများ ဖြစ်ခဲ့သည်။ ဂျပန်ခေတ်က နိုင်ငံခြားရေးဝန်ကြီး နာမည်ဖြင့် ဧည့်ခံပွဲများ တည်ခင်းရာတွင် သုံးသည့် ဖိတ်စာများတွင် တသွေးတသံအမိန့် ဟု မြန်မာစာတမ်း ရိုက်နှိပ်ထားသည်။ သို့ရာတွင် ထိုခေတ်နိုင်ငံခြားရေးဝန်ကြီး တစ်ဦးကိုယ်တိုင် မည်သည့်တန်ခိုးအာဏာ မျှမရှိခဲ့ပုံကို သခင်နုက "ငါးနှစ်ရာသီဗမာပြည်" စာအုပ်တွင် ထည့်သွင်းရေးထားသည်။

နိုင်ငံခြားရေး ၀န်ကြီးသည် ရုံးတက်ရန် ကားစီးသွားသည်။ ယာဉ်မောင်းတပည့်ကျော်က ဆရာ့ဂုဏ်ကို မြှင့်ပေးချင်သည်။ ဂျပန်စစ်သားများ နှောင့်ယှက်မှုကို ကြိုတင်ကာကွယ်ထားချင်သည်။ ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီး စီးလာသည့် ကားဖြစ်ကြောင်း ဂျပန်တို့သိရှိစေ ရန် ကားတွင်အလံတလူလူ လွှင့်ထားသည်။ ပြည်လမ်း အင်းလျားကန်ဘေးရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ရှိရာသို့ ကမာရွတ် လှည်းတန်းရဲစခန်းရှိ ရာသိုု့ကမာရွတ် လှည်းတန်းရဲစခန်းအနီးမှ ဖြတ်မောင်းသွားသည်။ သို့ရာတွင် ဂျပန်စစ်ရဲများနှင့်ရင်ဆိုင်ရသည်။ နိုင်ငံခြားရေးဝန်ကြီး၏ အလံတလူလူ ကားကိုရပ်ခိုင်းသည်။ ကားပေါ်ပါလာသူ ဂျပန်စကား အနည်းအကျဉ်း ပြောတတ်သူက ကားထဲမှ ပုဂ္ဂိုလ််မှာ နိုင်ငံခြားရေးဝန်ကြီး သခင်နုဖြစ်ကြောင်း ရှင်းပြသည်။ ဂျပန်စစ်ရဲက ဂရုမစိုက်။ ကားကိုဆက်မောင်းခွင့်မပေးဘဲ ရပ်ခိုင်းထားသည်။ ထိုသို့ ဂျပန်တို့၏ မထီလေးစားစော်ကားနေစဉ် အနီးရှိရဲစခန်း (ထိုစဉ်က ဂတ်တဲ)ထဲမှ မြန်မာရဲသားများက လှမ်းကြည့်နေကြသည်။ မြန်မာဝန်ကြီး တစ်ဦး တန်ခိုးအာဏာ မရှိပုံမှာ ထင်ရှားနေတော့သည်။ နောက်ဆုံးတွင်မှ ကားကိုဆက်မောင်းခွင့်ပေးလိုက်သည်။

သိမှီလိုက်သူများ၏ အဆိုအရ ဂျပန်ခေတ်တစ်ခေတ်လုံးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးသည် အင်းလျား ကန်ကြီး နံဘေးရှိ နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ရုံးမှန်မှန်တက်ခဲ့၏။ အလံတလူလူ ကားကြီးကိုစီးလျက် ကမာရွတ်ဂတ်ရှေ့မှ ဖြတ်သန်းသွားလာခြင်းကိုမူ လုံးဝမပြုတော့ချေ။ နိုင်ငံခြားရေးဝန်ကြီး သခင်နု သည်ရုံးတက်ရန်ဖြစ်စေ၊ ရုံးဆင်းရန်ဖြစ်စေ၊ လှေတစ်စီးစီးလျက် အင်းလျားကန်ကြီးကို ဖြတ်ကျော်သွားလာနေခဲ့သည်ဟု ဆိုသည်။

အကိုးအကား - မြန်မာ့ဖြစ်ရပ် ၁၀၀

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။