ဗာတီကန်စီးတီးရှိ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကတော့ ကိုလံဘီယာနိူင်ငံသို့ ငြိမ်းချမ်းရေးအတွက်သွားရောက်လည်ပတ်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ကိုလံဘီယာတွင် ရာစုနှစ်ထက်ဝက်ခန့်ကြာ စစ်ပွဲအပြီး ပြန်လည်ရင်ကြားစေ့ရေး လမ်းကြောင်းသို့ ဦးတည်နေမှုအား ဂုဏ်ပြုရန် စက်တင်ဘာ ရ ရက်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကိုလံဘီယာ သမ္မတ ဟွမ်မန်နျူရယ်ဆန်းတို့စ်နှင့် တွေ့ဆုံခဲ့သည်။ ထို့ပြင် ပြည့်စုံသောငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် ရည်ရွယ်ချက်အတွက် လုပ်ဆောင်နေသည့် သမ္မတဆန်းတို့စ်နှင့်လည်း ဆွေးနွေးခဲ့သည်။

စက်တင်ဘာ ၆ ရက်တွင် ဗာတီကန်မစ်ရှင်အဖြစ် ကိုလံဘီယာမြို့တော်ဘိုဂိုတာသို့ ရောက်ရှိခဲ့စဉ် ဖရန်စစ်က မယ်တော်မာရီ ဆုတောင်းပတ္တနာကို ရွတ်ဆိုခဲ့သည်။ ၎င်းအား ကြိုဆိုခဲ့သော လူငယ်များကိုလည်း ပုပ်ရဟန်းမင်းကြီးက ကောင်းချီးမင်္ဂလာပေးရန် ဘုရားသခင်ထံ ဆုတောင်းပေးခဲ့ကြောင်း သိရသည်။ တောင်အမေရိကရှိ လူဦးရေ ၄၈ သန်းရှိသော ကိုလံဘီယာသည် ဆယ်စုနှစ်နှင့်ချီ ကြာမြင့်ခဲ့သောစစ်ပွဲ၏ ကျဉ်းထဲကျပ်ထဲမှ ပြန်လည် ထွက်ပေါ်လာခဲ့သည်။ ပုပ်ရဟန်းမင်းကြီးက ၎င်း၏ခရီးစဉ်မတိုင်မီ ကိုလံဘီယာတွင် တည်တံ့ပြီး ခိုင်မာသော ငြိမ်းချမ်းရေးဖြစ်ပေါ်စေရန် ဆုတောင်းခဲ့သည်။

ကိုလံဘီယာတွင် အကြီးဆုံးပြောက်ကျား သူပုန်အဖွဲ့ FARC က အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ထိုးခဲ့ပြီး နောက်ထပ် ပြောက်ကျားသူပုန်အဖွဲ့ဖြစ်သော ELN က အပစ်အခတ်ရပ်စဲရန် သဘောတူညီချက် ရရှိခဲ့အပြီးတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်သည်။ ယင်းလက်ဝဲယိမ်းသူပုန်အဖွဲ့နှစ်ဖွဲ့က ကျေးလက်မြေယာ အခွင့်အရေးများအတွက် လက်နက်ကိုင်၍ တိုက်ပွဲဝင်ခဲ့သည့် ၁၉၆၄ ခုနှစ်တွင် ကိုလံဘီယာ ပဋိပက္ခစတင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပုပ်ရဟန်းမင်းကြီး၏ ကောင်းချီးပေးမှု ရှိသော်လည်း ငြိမ်းချမ်းရေးဖော်ဆောင်သည့် လုပ်ငန်းစဉ်သည် သဘောထားကွဲလွဲမှုများဖြင့်သာ ပြည့်နှက်နေသည်။ ပုပ်ရဟန်းမင်းကြီးအနေဖြင့် ကိုလံဘီယာတွင် ငြိမ်းချမ်းမှု အမြန်ဆုံး ရရန် မျှော်လင့်နေသည်။

Source – AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။