အာရပ်ဒေသ နိုင်ငံတွေပါ၀င်တဲ့ ကာတာနိုင်ငံ နဲ့ သံတမန်ရေး ပဋိပက္ခ ဖြစ်ပွားနေမှုကိုဖြေရှင်းရန် ကာတာနိုင်ငံ အစိုးရနဲ့ တိုက်ရိုက်ဆက်သွယ် ပြောဆိုသင့်တယ် လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့က ဆော်ဒီအာရေးဘီးယား နိုင်ငံ ကို အလည်အပတ်ရောက်ရှိစဉ် ပြောဆိုလိုက်ပါတယ်။ ဒေသတွင်း ညီညွတ်မှုကို ထိန်းသိမ်းရန်လည်း ပါ၀င်ပတ်သက်သူအားလုံးကို တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဂျွန်လ ၅ ရက်နေ့က ဆော်ဒီအာရေးဘီးယား၊ ဘာရိန်း၊ ယူအေအီး နဲ့ အီဂျစ် နိုင်ငံတို့ဟာ ကာတာနိုင်ငံ နဲ့ သံတမန်အဆက်အသွယ် ဖျက်တောက်ခဲ့တာပါ။ ကာတာနိုင်ငံ အနေနဲ့ အစွန်းရောက် အကြမ်းဖက် အုပ်စုတွေ ကို ထောက်ပံ့နေတယ် လို့ အဆိုပါနိုင်ငံတွေက စွပ်စွဲပြောဆိုထားပါတယ်။ ကာတာနိုင်ငံ ကတော့ အဆိုပါ စွပ်စွဲပြောဆို မှုကို ငြင်းပယ်ထားပါတယ်။

ဂျဒါးမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တော့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ က "ဒီကိစ္စနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းနဲ့ အဖြေရှာဖို့ ကျုပ်တို့ သဘောတူညီခဲ့ကြပါတယ်။ ကျုပ်တို့ရဲ့ စိုးရိမ်ပူပန်မှုကိုဖော်ပြခဲ့ကြပြီး၊ ပြဿနာကိုအဖြေညှိနှိုင်းရှာဖွေ ဖို့ လည်း သဘောတူညီခဲ့ကြပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ကူဝိတ် နဲ့ အမေရိကန် နိုင်ငံတို့ကတော့ သုံးလကြာ ဖြစ်ပေါ်နေတဲ့ ဒေသတွင်းစိုးရိမ်ဖွယ် ထိုပြဿနာကို ပြေလည်မှု ရရှိရန် ကြားဝင်စေ့စပ်ပေးနေပါတယ်။ လွန်ခဲ့တဲ့ အပတ်ကတော့ ဆော်ဒီအာရေးဘီးယား အနေနဲ့ ကာတာနိုင်ငံ နဲ့ ဆက်သွယ်ပြောဆိုမှု အားလုံးကို ရွေ့ဆိုင်းလိုက်ပါတယ်။ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး ကပြောဆိုရာမှာတော့ ဒီပြဿနာ နဲ့စပ်လျဉ်းပြီး အဖြေရှာရာမှာ ကာတာ နိုင်ငံအနေနဲ့ အလေးထားမှု ကိုပြသဖို့ လိုအပ်တယ်လို့ပြောဆိုခဲ့ပါတယ်။ "ကျွန်တော်တို့ ကာတာနိုင်ငံ ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း သိလိုပါတယ်၊ ဒီပြဿနာကို အဖြေရှာရာမှာ ကာတာ နိုင်ငံအနေနဲ့ အလေးထား စေချင်ပြီး နိုင််ငံအားလုံး သဘောတူညီတဲ့ မူဘောင်တွေကို စတင်အကောင်အထည်ဖော်စေချင်ပါတယ်၊ အကြမ်းဖက်မှု တွေကို မထောက်ပံ့စေချင်ပါဘူး၊ အမုန်းစကားတွေ ဖြန့်ချိ တာမျိုးမလုပ်စေချင်ပါဘူး၊ တခြားနိုင်ငံ ရဲ့ပြည်တွင်းရေး ကို ၀င်ရောက်မစွက်ဖက် စေချင်ပါဘူး" လို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး ဂျူဘီယာ ကပြောကြားခဲ့ပါတယ်။

Source: Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။