ဖိလစ်ပိုင်အစိုးရသည် သြစတျေးလျ အစိုးရ၏ စစ်ရေးကူညီလေ့ကျင့်ပေးမှုကို လက်ခံသွားမည်ဟု ပြောကြားခဲ့သည်။ အစ္စလာမ္မစ် စစ်သွေးကြွများက ဖိလစ်ပိုင်၏ နေရာအချို့အား ဆက်လက်ထိန်းချုပ်ထားချိန်တွင် ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ပေးမည်ဟု သြစတြေးလျ၏ ကမ်းလှမ်းမှုကို ဖိလစ်ပိုင်က ကြိုဆိုကြောင်း မဟာမိတ်နှစ်နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများက စက်တင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။ ဖိလစ်ပိုင်တောင်ပိုင်းရှိ မာရာဝီမြို့အား တိုက်ခိုက်ခဲ့သော စစ်သွေးကြွများကို စစ်တပ်၏ ထိုးစစ်ဆင်မှုသည် သုံးလကျော် ကြာမြင့်လာချိန်တွင် IS လိုလားသည့် စစ်သွေးကြွများအား အမြစ်ပြတ်နှိမ်နင်းရန်အတွက် ဖိလစ်ပိုင်စစ်တပ်က ရန်ပုံငွေ တိုးမြှင့်တောင်းခံခဲ့ပြီးနောက် ယခုကြေညာချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

မည်သည့် စခန်းများဟု မဖော်ပြသေးသော ဖိလစ်ပိုင်နိုင်ငံထဲရှိ စခန်းများတွင် သြစတြေးလျ တပ်ဖွဲ့များက ဖိလစ်ပိုင်စစ်သားများအား လေ့ကျင့်ပေးရန် ပြီးခဲ့သော သြဂုတ်တွင် ကင်ဘာရာ၏ ကမ်းလှမ်းထားမှုကို မနီလာက သဘောတူခဲ့ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဒယ်ဖင်လိုရန်ဇာနာနှင့် သြစတြေးလျ ကာကွယ်ရေးဝန်ကြီး မာရွိုက်စ်ပေနီတို့က ထုတ်ပြန်ခဲ့သည်။ အရှေ့အလယ်ပိုင်းသို့ သွားရောက်၍ ဂျီဟတ်များနှင့် ပူးပေါင်းခဲ့သည့် ပြည်ပတိုက်ခိုက်ရေးသမားများ နေရပ်ပြန်လာပြီး တိုက်ခိုက်မှုများပြုလုပ်နိုင်သည့် ခြိမ်းခြောက်မှုကို အာရှ-ပစိဖိတ်ရှိ ဒေသအများအပြားတွင် ရင်ဆိုင်နေရကြောင်း ပေနီက လိုရန်ဇာနာနှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ယင်းပြည်ပ တိုက်ခိုက်ရေးသမားများသည် တိုက်ခိုက်ရေးစွမ်းရည်များ ပြည့်ဝပြီး စိတ်ဓာတ်အလွန်အမင်း ခိုင်မာကြောင်း ပေနီက သတိပေးခဲ့သည်။ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူတို့တွင် ခြိမ်းခြောက်မှု ရင်ဆိုင်နေရမှုကိုလည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အီရတ်တွင် ပေးနေသော အကူအညီများအတိုင်း သြစတြေးလျက ဖိလစ်ပိုင်ကို လေ့ကျင့်ရေး အကူအညီများပေးရန် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးအား မကြာသေးမီက ကမ်းလှမ်းခဲ့ကြောင်း သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ပြီးခဲ့သော သီတင်းပတ်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဖိလစ်ပိုင်သည် စစ်မြေပြင်တွင် ပြည်ပတပ်ဖွဲ့ဝင်များ၏ အကူအညီ မလိုအပ်ကြောင်း၊ သို့သော် သြစတြေးလျ တပ်ဖွဲ့ဝင်များသည် ဖိလစ်ပိုင် စစ်သားများအား သတင်းအချက်အလက် စုဆောင်းခြင်းနှင့် သုံးသပ်ခြင်းတို့တွင် လေ့ကျင့်ပေးနိုင်ကြောင်း လိုရန်ဇာနာက အလေးပေး ပြောကြားခဲ့သည်။ သြစတြေးလျသည် ဖိလစ်ပိုင်နှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ကို လုပ်ဆောင်နေပြီး အမေရိကန်ပြီးလျှင် ဖိလစ်ပိုင်၏ ဒုတိယအရင်းနှီးဆုံး ကာကွယ်ရေး မဟာမိတ်လည်းဖြစ်သည်။ IS လိုလားသော လက်နက်ကိုင် အစွန်းရောက် ရာနှင့်ချီက ပြီးခဲ့သော မေ ၂၃ ရက်တွင် မာရာဝီမြို့အား တိုက်ခိုက်ခဲ့ပြီးနောက် သြစတြေးလျက ပြီးခဲ့သောဇွန်တွင် ဖိလစ်ပိုင်၌ အဆင့်မြင့် ထောက်လှမ်းရေးလေယာဉ် AP-3C Orion နှစ်စင်းကို ချထားခဲ့သည်။ မာရာဝီစစ်ဆင်ရေးအတွက် လတ်တလောတွင် ပီဆိုသုံးဘီလျံ ကုန်ကျခဲ့ပြီး ထပ်တိုးရန်ပုံငွေ ဒေါ်လာ ၁၉ ဒသမ ၆ သန်း (ပီဆို တစ်ဘီလျံနီးပါး) ပေးရန် စစ်ဘက်က ဖိလစ်ပိုင် ပါလီမန်ကို တောင်းဆိုခဲ့သည်။

Source - Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။