ဆီးရီးယားနိုင်ငံအရှေ့ပိုင်းရှိ ဒီအာအယ်လ်ဇိုအာခရိုင်မှာ အမေရိကန်ဦးဆောင်လာတဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ထိုလေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူပေါင်း ၂၃ဦးခန့်သေဆုံးခဲ့ကြောင်း စစ်ပွဲအခြေအနေ စောင့်ကြည့်လေ့လာရေး အဖွဲ့က တနင်္ဂနွေနေ့တွင် သတင်းတင်ပြခဲ့ပါတယ်။ သေဆုံးခဲ့သော အကျဉ်းသားများထဲမှ ၁၀ဦးခန့်မှာ အီရတ်နိုင်ငံသားများဖြစ်ကြကြောင်း ဗြိတိန်အခြေစိုက် အဆို ပါ စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ ထိုခရိုင်အတွင်းရှိ အယ်လ်ဘူခါမယ်လ်မြို့မှ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့ ထိန်းချုပ်ထားသော အကျဉ်းထောင်တစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်သည်ဟု ယူဆရကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (SOHR) က ပြောကြားခဲ့ပါတယ်။SOHR ၏ပြောကြားချက်များအရ လေကြောင်းတိုက်ခိုက်မှုကြောင့် အကျဉ်းသား ၁၈ဦးနှင့် IS အဖွဲ့ဝင် ၅ဦးသေဆုံးခဲ့ပြီး လူအများအပြားပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သောကြောင့်   သေဆုံးသူစာရင်း   မြင့်တက်လာနိုင်ကြောင်းကိုလည်း သိရပါတယ်။

ပြီးခဲ့သော ဇွန်လ ၂၇ရက်နေ့ကလည်း အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က IS တို့ ထိန်းချုပ်ထားသော အယ်မာယာဒင်မြို့ရှိ အကျဉ်းထောင်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် အရပ်သား ၄၂ဦး အပါ အဝင် အနည်းဆုံးလူပေါင်း ၅၇ဦးခန့် သေဆုံးခဲ့ရပါတယ်။ဒီအာအယ်လ်ဇိုအာခရိုင်၏ နယ်မြေအများစုကို အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့က လွန်ခဲ့သော ၂၀၁၄ ခုနှစ် ကတည်းက ထိန်းချုပ်ထားခဲ့တာလည်းဖြစ်ပါတယ်။

Source - Mizzima - News in Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။