လူတစ်ကိုယ်စိတ်တစ်မျိုးဆိုသလိုပဲ တစ်ယောက်နဲ့တစ်ယောက် ခရီးသွားတဲ့အခါ ကုန်လမ်း ခရီးသွားရတာမူးတတ်သူတွေရှိသလို ရေလမ်းခရီးသွားရင် မူးမှာကြောက်တဲ့သူတွေလည်းရှိကြပါတယ်။ တော်တော်များများကတော့ ခရီးသွားတဲ့အခါ မူးဝေအော့အန်တတ်ကြတာကို တွေ့ဖူးမှာပါ။ လူကြီးတွေအမြဲပြောလေ့ရှိတာကတော့ ကားမူးတတ်ရင် ဗိုက်ကို ပလာစတာ ကပ်ပါဆိုပြီးတော့လေ။ ဒါဆို သဘောင်္တို့လှေတို့လို ရေလမ်းခရီးသွားရမယ့်သူတွေအနေနဲ့ရော မူးဝေခြင်းမဖြစ်အောင် ကာကွယ်ရမယ့်နည်းလမ်းတွေ သိထားသင့်ပါတယ်။

သင်္ဘောမူးခြင်း၊ လှေမူးခြင်းလို့ လူသိများတဲ့ အခြေအနေကို သက်သာစေမယ့် နည်းလမ်းတွေကတော့ -

• သင်္ဘောမစီးမီ ကောင်းစွာအနားယူပါ။ အိပ်ရေးပျက်ခြင်းနဲ့ စိတ်ပူပန်မှုများခြင်းတွေဟာ ခရီးသွားတဲ့အခါ မူးဝေပျို့အန်တာတွေ ဖြစ်နိုင်တာကြောင့် မထွက်ခွာမီ သေချာစွာ အနားယူဖို့ လိုပါတယ်။

• အ,အန်သက်သာဆေးများကို သောက်သုံးနိုင်ပါတယ်။ ခရီးသွားရင် မူးဝေအော့အန်တာကို သက်သာစေမယ့်ဆေးတွေ အများအပြား ရှိပါတယ်။ (ဥပမာ - Dramamine) ဆေးတော်တော်များများကတော့ ဆေးဆိုင်မှာ အလွယ်တကူ ၀ယ်လို့ရနိုင်ပြီး တချို့ကတော့ ဆရာဝန်ဆေးစာ လိုအပ်ပါတယ်။ ၎င်းဆေးတွေဟာ မူးဝေပျို့အန်တဲ့အချိန်မှာ ဦးနှောက်ကထွက်တဲ့ ဓာတုပစ္စည်းတွေရဲ့ အကျိုးသက်ရောက်မှုကို ချေဖျက်ပေးကြတာ ဖြစ်ပါတယ်။

ဆရာဝန်နှင့် တိုင်ပင်၍ မိမိနှင့် သင်တော်မယ့် ဆေးအမျိုးအစားကို ရွေးချယ်သောက်သုံးနိုင်မှာ ဖြစ်ပါတယ်။ Antihistamine လို့ခေါ်တဲ့ ဆေးအုပ်စုအမျိုးအစားကို သောက်သုံးမယ်ဆိုပါက လေးလံထိုင်းမှိုင်းခြင်း၊ မျက်စိခြောက်ခြင်း၊ ပါးစပ်ခြောက်ခြင်းတို့ကို ခံစားရစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ၎င်းဆေးတွေဟာ ပျို့အန်ခြင်းကို ဖြစ်စေနိုင်တဲ့ ဦးနှောက်အစိတ်အပိုင်းတစ်ခုကို ပိတ်လိုက်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ထိုဆေးတွေကို ခရီးမသွားမီ နာရီအနည်းငယ်အလိုတွင် ကြိုတင်သောက်သုံးခြင်းဖြင့် မူးဝေပျို့အန်ခြင်းကို ကာကွယ်နိုင်ပါတယ်။

• လေကောင်းလေသန့် ရှူပါ။ သင်္ဘောမူးခြင်းကို စတင်ခံစားလာရပြီဆိုပါက သင်္ဘောဦးပိုင်းသို့သွားကာ ရှေ့တည့်တည့်ကိုပဲ ကြည့်ပါ။ ထိုကဲ့သို့ ပြုလုပ်ခြင်းဖြင့် မျက်စိမှ ရွေ့လျားပုံရိပ်များကိုမြင်ကာ ဦးနှောက်သို့ သတင်းပို့နိုင်တာကြောင့် အတွင်းပိုင်းနားမှ ပေးပို့ထားသော အချက်ပေးလှိုင်းများထက် ပို၍မှန်ကန်နိုင်ပါတယ်။ မျက်နှာသို့ ဖြတ်တိုက်သွားတဲ့လေတွေဟာ သင်္ဘောလှုပ်ရှားမှုမှ အာရုံလွှဲပြောင်းပေးနိုင်တာကြောင့် သင်္ဘောစီးတဲ့အခါ တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားနေပေးပါ။

• သင်္ဘောအလယ်ပိုင်းနဲ့ ရေပြင်နဲ့ နီးတဲ့အခန်းကိုပေးဖို့ တောင်းဆိုပါ။ သင်္ဘောလှိုင်းပုတ်တာ အသက်သာဆုံးက သင်္ဘောအလယ်ပိုင်း ဖြစ်ပါတယ်။ ထို့ပြင် ရေပြင်ကို မြင်ရ၍ ပြတင်းပေါက်ပါတဲ့ အခန်းမျိုးဟာ သင်္ဘောမူးတတ်တဲ့သူတွေအတွက် အသင့်တော်ဆုံးပါပဲ။

• အစာစားပေးပါ။ အာလူးကြော်၊ ပေါင်မုန့်ကဲ့သို့ သရေစာတွေဟာ အကောင်းဆုံး ဖြစ်ပါတယ်။ ဗိုက်ထဲမှာ အစာရှိတာ ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ မစားမိဖို့တော့ သတိပြုသင့်ပါတယ်။ ချင်း (ဂျင်း) ဟာ ခရီးသွားစဉ် မူးဝေပျို့အန်ခြင်းအတွက် သင့်တော်တဲ့ သဘာဝဆေးမြီးတိုဖြစ်တာကြောင့် ချင်း (ဂျင်း) ဖျော်ရည်ကိုလည်း သောက်သုံးပေးနိုင်ပါတယ်။ ပူစီနံဟာလည်း အစာအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ အာလူးကြော်ကို ရေ (သို့) ဆိုဒါဖြင့် သောက်သုံးခြင်းကြောင့်လည်း မူးဝေပျို့အန်တာတွေ သက်သာစေနိုင်တယ်လို့ ဆိုကြပါတယ်။

• ပျို့အန်စေနိုင်မယ့် အရာအားလုံးကို ရှောင်ကြဉ်ပါ။ ပျို့အန်ခြင်းဟာ သင်္ဘောမူးခြင်းရဲ့ ၀ိသေသလက္ခဏာတစ်ခု ဖြစ်တာကြောင့် ပျို့အန်တာ ပိုဆိုးလာပါက အခြားရောဂါလက္ခဏာတွေပါ ပိုဆိုးလာနိုင်ပါတယ်။ ပျို့အန်ခြင်းကို ဆိုးရွားစေနိုင်တဲ့ အကြောင်းကတော့ အစာမကြေလွယ်တဲ့ အစားအစာများ၊ အစပ်များ၊ အက်ဆစ်ပါ၀င်သော အစားအသောက်များနဲ့ ဗိုက်ပြည့်အောင် စားသောက်ခြင်းတို့ပဲ ဖြစ်ပါတယ်။ အရက်ကို ရှောင်ကြဉ်ရတဲ့ အကြောင်းအရင်းကတော့ အရက်ဟာ ဆီးရွှင်စေတာကြောင့် ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုများ ဖြစ်စေကာ သင်္ဘောမူးခြင်းကို ပိုပြီးမခံနိုင်တာမျိုး ဖြစ်လာစေပါတယ်။ ထို့ပြင် အခြားသူများ ပျို့အန်ခြင်းကြောင့် ရလာမယ့် အနံ့အသက်များကို မရှူရှိုက်မိပါစေနှင့်။

• မိမိရဲ့ခရီးစဉ်ကို သေချာစွာ ရွေးချယ်ပါ။ ရေလမ်းခရီးသွားတဲ့အခါမှာ မူးဝေပျို့အန်တတ်တဲ့သူတွေဟာ သင်္ဘောအကြီးကို ရွေးချယ်ခြင်း၊ လှိုင်းပုတ်မှုနည်းတဲ့လမ်းကြောင်းကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။

Source : Dr. Thinzar Wynn 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။