အခုလိုဝါတွင်းကာလမှာ အာလူးကို မျိုးစုံချက်စားပြီး သတ်သတ်လွတ် ဟင်းတစ်ခွက်အဖြစ်လည်း စားသုံးနိုင်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ အသားကိုလည်း အစာသွပ်ပြီး အာလူးကက်သလစ်ကြော် လုပ်စားနိုင်ပါတယ်။ အခုလောလောဆယ်တော့ ၀ါတွင်းကာလ ဖြစ်နေတာကြောင့် သတ်သတ်လွတ် အာလူး ကက်သလစ်ကြော် နည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။

လိုအပ်သောပစ္စည်းများ

- အာလူး (၃၀ ကျပ်သား)

- ကြက်သွန်နီ ၃လုံး

- ကြက်သွန်ဖြူ ၄ မွှာ

- ဆီ

- ငါးဖယ် အသားတု (၁၅ ကျပ်သားခန့်)

- မုန့်နှစ် အနည်းငယ်

ပြုလုပ်ပုံ အဆင့်ဆင့်

(၁) အားလူးကို ပြုတ်၍ အခွံခွာပြီး ချေထားပါ။ သတ်သတ်လွတ် ဟင်းခတ်မှုန့်နှင့် မဆာလာတို့ကို ရောနယ်ထားပါ။

(၂) မုန့်နှစ်ကို အရည်ဖျော်၍ မုန့်နှစ်ထဲကိုလည်းအရသာ ၀င်အောင် ဟင်းခတ်မှုန့်နှင့် ငရုပ်ကောင်းတို့ကို အနည်းငယ်ထည့်၍ ဖျော်စပ်ထားပါ။

(၃) ငါးဖယ်အသားတုကို အတုံးသေးသေးလေး လှီးထားပါ။

(၄) ကြက်သွန်နီကို နုပ်နုပ်စင်းပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး နုပ်နုပ်စင်းပါ။

(၅) ဒယ်အိုးကို မီးပူပေါ်တင်ပြီး ပူလာတဲ့အခါ ဆီ (ထမင်းစားဇွန်း ၂ ဇွန်း) ထည့်ပါ။

(၆) ကြက်သွန် အဖြူ၊ အနီ၊ နနွင်းထည့်ပြီး ဆီသတ်ပါ။ အနံ့မွွှေးလာတဲ့အခါ အသားတုကို ထည့်ပါ။ သတ်သတ်လွတ် ဟင်းခတ်မှုန့်နှင့် သကြားတို့ကို ထည့်ပါ။ ငရုပ်ကောင်းအနည်းငယ်၊ အနံ့ မွှေးအောင် မဆလာ အနည်းငယ်တို့ကို ထည့်ပါ။ ခဏမွှေပေးပြီးနောက် ပန်းကန်ထဲ ထည့်ပါ

(၇) နယ်ဖတ်ထားသော အာလူးကို အနေတော် ပြားပြီး (သို့မဟုတ်) မိမိကြိုက်နှစ်သက်ရာ ပုံစံဖြင့် အသားတုကြော်ကို ထည့်ပြီး အစာသွပ်ပါ။ ထိုကဲ့သို့ ပြုလုပ်ပြီးနောက် မုန့်နှစ်ထဲ ထည့်၍ ကြော်ပါ။

ဆီအိုးထဲက မုန့်နှစ်လေးတွေ နီလာပြီဆိုရင်တော့ အားလူးကက်သလစ်ကြော် ကျက်ပြီ ဖြစ်ပါတယ်။ ကဲ … အခုဆိုရင်တော့ အနံ့ အရသာနဲ့ ပြည့်စုံတဲ့ အားလူးကက်သလစ်ကြော်လေးကို အသင့် စားသုံးနိုင်ပြီ ဖြစ်ပါတယ်။ သခွားသီး၊ ဆလပ်ရွက်၊ ကြက်သွန်မြိတ်တို့ဖြင့်လည်း တွဲဖက်၍ အလှဆင် စားသောက်နိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။