၀တယ်ဆိုတာကို အရင်တုန်းက ရောဂါလို့ မသတ်မှတ်သော်လည်း အခုနောက်ပိုင်းမှာတော့ ၀တာက ရောဂါတွေ အများကြီးဖြစ်စေတာကြောင့် အဝလွန်ခြင်း ရောဂါဆိုပြီး သတ်မှတ်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် စစ်တမ်းကောက်ချက်အရ ကမ ္ဘာမှာ အဝလွန် ရောဂါက လူကြီးတွေမှာ သန်း ၆၀၀ လောက်ရှိပြီး ကလေးတွေမှာ သန်း ၁၀၀ လောက် ရှိပါတယ်။

၀တယ်ဆိုတာက ခန္ဓာကိုယ်အလေးချိန်များခြင်းနဲ့ အဆီများခြင်းကြောင့် ဖြစ်ပါတယ်။ လူတစ်ယောက်မှာ သူရဲ့ အရပ်နဲ့ ရှိသင့်တဲ့ ခန္ဓာကိုယ် အလေးချိန်ကို မှန်းဆလို့ ရပါတယ်။ မိန်းကလေးတွေဆိုရင် အရပ် ၅ ပေမှာ ပေါင် ၁၀၀ ရှိသင့်ပါတယ်။ တစ်လက်မစီ တိုးသွားတိုင်း ၅ ပေါင်စီ တိုးသင့်ပါတယ်။ (ဥပမာ - ၅ ပေ ၂ လက်မ အရပ်ရှိသူဆိုရင် ပေါင် ၁၁၀ ရှိသင့်ပါတယ်)။ ယောကျ်ားလေး ဆိုရင်တော့ အရပ် ၅ ပေမှာ ပေါင် ၁၁၀ ရှိသင့်ပါတယ်။ တစ်လက်မစီ တိုးသွားတိုင်း ၅ ပေါင်စီ တိုးပြီး ရှိသင့်ပါတယ်။ (ဥပမာ - ၅ ပေ ၆ လက်မ ဆိုရင် ပေါင် ၁၄၀ ရှိသင့်ပါတယ်)။ ရှိသင့်တာထက် ခန္ဓာကိုယ်အလေးချိန်က ၂၀% ခန့် များနေရင်တော့ သင့် ကျန်းမာရေးကို မဖြစ်မနေ ဂရုစိုက်သင့်ပါတယ်။

ခါးဆိုဒ်ဆိုရင်လည်း အမျိုးသမီးဆိုရင် ၃၀.၅ လက်မ၊ အမျိုးသားဆိုရင် ၃၄ လက်မ အများဆုံး ရှိသင့်ပါတယ်။ ဒီ့ထက် များနေပြီ ဆိုရင်တော့ ဂရုစိုက်သင့်ပါတယ်။ ခန္ဓာကိုယ် အလေးချိန်ကို ကြည့်ပြီး ကြိုတင်ကာကွယ်လို့လည်း ရသလို လိုအပ်ရင်လည်း ကုသမှုကို ကြိုတင် ခံယူသင့်ပါတယ်။

အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲ ပြသနာတွေ များလွန်းတာကြောင့် အဝလွန်ခြင်းကို ထိန်းချုပ်လိုက်ရုံဖြင့် အသက်ဆုံးရှုံးမှုကိုလည်း ကာကွယ်နိုင်ပါတယ်။ အဝလွန်ခြင်းကြောင့် နှလုံးနှင့် ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ နှလုံးရောဂါ၊ နှလုံး အဆီဖုံးရောဂါ၊ နှလုံး သွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ နဲ့ လေဖြတ်တာကိုလည်း အလွယ်တကူ ဖြစ်စေပါတယ်။ ဆီးချိုရောဂါ နဲ့ မျက်လုံး၊ အာရုံကြောတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် အဆစ်ရောင်ရောဂါနဲ့ စိတ်ဓာတ်ကျရောဂါတွေကိုလည်း ဖြစ်စေပါတယ်။

အဝလွန်ခြင်းကို ပြောင်းလဲချင်တယ် … ကြိုတင်ကာကွယ်ချင်တယ် ဆိုရင်တော့ ကယ်လိုရီများတဲ့ အစားအသောက်တွေကို လျှော့စားပါ။ အဆီတွေကို လျှော့စားပါ။ အထူးသဖြင့် ညဘက် အစားအသောက် လျှော့စားပါ။ ညနေ ၆ နာရီလောက် နောက်ဆုံး စားတာကတော့ အကောင်းဆုံး ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ စားရတယ် ဆိုရင်လည်း heavy food တွေကို ရှောင်ပါ။

ဒါ့အပြင် လမ်းလျှောက်ပါ။ လေ့ကျင့်ခန်း တစ်ခုခု ပြုလုပ်ပါ။ အနည်းဆုံး တစ်နေ့ကို နာရီဝက် ကြာ အားကစားပြုလုပ်ခြင်း (သို့မဟုတ်) လမ်းလျှောက်ခြင်း ပြုလုပ်ပါ။ အိပ်ရေး မဝတာခြင်း၊ စိတ်ဖိစီးမှု များခြင်းကလည်း over weight ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဒါတွေကို ရှောင်ပြီး၊ ဆင်ခြင်ပြီး အဝလွန်ခြင်း မဖြစ်အောင် ဂရုစိုက်ပါ။

မိမိဘက်က ပြင်ဆင်လို့ မရတာမျိုး၊ ပြောင်းလဲလို့ မရတာမျိုး၊ ကာကွယ်လို့ မရတာမျိုး ရှိတဲ့ အဝလွန်ခြင်းတွေကတော့ မျိုးရိုးအရ၊ လူမျိုးအရ အဝလွန်ခြင်းတွေပဲ ဖြစ်ပါတယ်။ အသက်အရွယ်အရလည်း ခန္ဓာကိုယ် အလေးချိန် တက်လာပါတယ်။ အထူးသဖြင့် အသက် ၆၀ ကျော်လာတဲ့အခါ သိသိသာသာကို ၀လာတတ်ပါတယ်။

တစ်ချို့ ၀လာတဲ့ အခါ အဆီဖုလေးတွေ ဖြစ်တတ်ကြပါတယ်။ ၀တာ ကျသွားပြီး ပိန်သွားတဲ့ အခါမှာလည်း ဒီ အဆီဖုလေးတွေက မပျောက်သွားတာမျိုးလည်း ဖြစ်ပါတယ်။ ခွဲထုတ် ဖယ်ထုတ်မှ ရပါတယ်။ ဒါ့ကြောင့် အဝလွန်ခြင်းကို ဂရုစိုက်ဖို့ ထပ်ပြောချင်ပါတယ်။ ကလေးတွေအရွယ်မှာ ၀တာ များလာရင်လည်း မကောင်းပါဘူး။ ဒါပေမဲ့ ၀တဲ့ ကလေးတိုင်းမှာ ရောဂါ ရှိတယ်လို့လည်း မဟုတ်ပါဘူး။ အဆီပိုတွေက နှလုံးတို့ ကျောက်ကပ်တို့ကို အလွယ်တကူ ရောက်သွားနိုင်တာမို့ အဝလွန်တာကို တော့ ဂရုစိုက်သင့်ပါတယ်။ ကလေးတွေက လူကြီးတွေထက် လှုပ်ရှားမှုများတာမို့ ခန္ဓာကိုယ် အလေးချိန်ကို အလွယ်တကူပဲ လျှော့ချနိုင်ပါတယ်။

တစ်ခါတစ်လေကျတော့လည်း အရမ်း မဝပေမဲ့လည်း အဆီများနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒ့ါကြောင့် အသက် ၄၀ နှင့်အထက်ဆိုရင် ၀သည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ အဆီများနေခြင်း ရှိ မရှိ ကို စစ်ပေးသင့်ပါတယ်။ ဘာမှ မစားဘဲ နေပြီး ၀ိတ်ချခြင်းက အစာအိမ်ရောဂါကိုလည်း ဖြစ်စေနိုင်သလို လူကိုလည်း နုံးစေပြီး အားလျော့စေပါတယ်။ ဒါ့ကြောင့် အသီးအရွက်စားပြီး ၀ိတ်လျော့ခြင်းနှင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်းက အကောင်းဆုံး ၀ိတ်ချနည်းလမ်းလို့ ပြောချင်ပါတယ်။

သတင်းအရင်းအမြစ် - ဒေါက်တာ ဒေါ်ခင်ပြုံးကြည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။