ဇနီးဖြစ်သူနှင့်လူမှုရေးဖောက်ပြန်နေသည်ဟုဆိုကာ

ကားဖြင့်လိုက်တိုက်သူအား အမှုဖွင့်စစ်ဆေးနေ

ယနေ့ နံနက်(ရး၃၀)နာရီအချိန်က လားရှိုးမြို့၊ ရပ်ကွက်(၅)၊ 7 Day စားသောက်ဆိုင်ရှေ့တွင် VIGO အဖြူရောင်ယာဉ်တစ်စီးမှ ဦးလှမြင့်(ခ)ရန်ချန်ယု အား ကားဖြင့်လိုက်လံ၍ တိုက်ခဲ့ကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကားဖြင့်လိုက်တိုက်သူ ရပ်ကွက်(၅)၊ ၃၉-လမ်းနှင့် မန်အိုင်လမ်းထောင့်နေ အန်းတာ(ခ)ဘခိုင် အား လားရှိုးမြို့မရဲစခန်းတွင်ဖမ်းဆီးစစ်ဆေးခဲ့ကြောင်းသိရသည်။ အန်းတာ(ခ)ဘခိုင် ၏ ပြောပြချက်အရ ရပ်ကွက်(၄)၊ နယ်မြေ(၂)နေ ဦးလှမြင့်(ခ)ရန်ချန်ယု ဆိုသူသည် ၎င်း၏ဇနီးဖြစ်သူနှင့်လူမှုရေး ဖောက်ပြန်နေကြောင်း၊ ၎င်းစားမည့်အစာထဲတွင် အဆိပ်ခပ်ရန် ဇနီးဖြစ်သူအား ဦးလှမြင့်(ခ)ရန်ချန်ယု မှစေခိုင်းကြောင်း သိရှိရသဖြင့် ယနေ့နံနက် လမ်း၌တွေ့စဉ် ကားဖြင့်လိုက်တိုက်ခြင်းဖြစ်ကြောင်း၊ ကားဖြင့်တိုက်သတ်ရန် မအောင်မြင်သဖြင့် သေနတ်ဖြင့် ထပ်မံပစ်သတ်မည်ဖြစ်ကြောင်း၊ သေနတ်မှာ နေအိမ်ရှိ ၎င်းအိပ်သည့် ဆက်တီထိုင်ခုံရှည်ပေါ်ရှိ ခေါင်းအုံးအောက်တွင် ကျည်အသင့်ဖြည့်ထားကြောင်း ပြောဆိုသဖြင့် မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးကျော်နိုင် ဦးစီးသော ပူးပေါင်းအဖွဲ့တို့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းပြောသည့်အတိုင်း Smith & Wesson ကုမ္ပဏီတံဆိပ်ပါ ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်(၁၃)တောင့်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အန်းတာ(ခ)ဘခိုင်မှာ ကွတ်ခိုင်ကောင်းခါးပြည်သူ့စစ်အဖွဲ့မှ စီးပွားရေးတာဝန်ခံဖြစ်ကြောင်း ပြောဆိုသဖြင့် ၎င်းသည် ကွတ်ခိုင်ကောင်းခါးပြည်သူ့စစ်အဖွဲ့တွင် လက်ရှိ တာဝန်ထမ်းဆောင်ခြင်း ရှိ/မရှိ နှင့် ၎င်းကိုင်ဆောင်သော သေနတ်မှာ တရားဝင်ထုတ်ပေးထားသော သေနတ် ဟုတ်/မဟုတ်ကို ဆက်လက်စုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

Credit - Lashio Media➡️➡️➡️ Nay Myo (LSO NEWS)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။