မြောက်ကိုရီးယား နိုင်ငံကတော့ ယခုအခါ ဟိုက်ဒရိုဂျင်ဗုံးကို ထွင်လိုက်နိုင်ပြီဖြစ်ပါတယ်။ ယခုအခါမှာလည်း လက်နက်တီထွင်ရေးကို ဦးစားပေးနေပါတယ်။ ဒါ့ကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုများအတွက် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ပြီးနောက် မြောက်ကိုရီးယားက လက်နက်စီမံကိန်းများကို အရှိန်မြှင့်တင်မည်ဟု စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် ဒုံးထိပ်ဖူးတွင် တပ်ဆင်နိုင်လောက်သည်အထိ သေးငယ်သော ဟိုက်ဒရိုဂျင်ဗုံးကို ထုတ်လုပ်နိုင်ခဲ့ပြီဟု ပြောကြားခဲ့ပြီးနောက် အမေရိကန်က ယင်းဗုံး၏ ပေါက်ကွဲအားသည် ၁၉၄၅ ခုနှစ်က ဟီရိုရှီးမားတွင် ကြဲချခဲ့သောဗုံးထက် ၁၆ ဆကျော် ပို၍ပြင်းထန်မည်ဟု ခန့်မှန်းခဲ့သည်။

ပြံုယမ်း၏ ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကြောင့် တစ်ကမ္ဘာလုံးက ကန့်ကွက်ရှုတ်ချခဲ့ကြပြီး လုံခြံုရေးကောင်စီက ရှစ်ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုကို စက်တင်ဘာ ၁၁ ရက်တွင် ချမှတ်ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းပိတ်ဆို့အရေးယူမှုများကို အပြင်းထန်ဆုံးသော စကားလုံးများဖြင့် ရှုတ်ချခဲ့ပြီး အမေရိကန်က စီးပွားရေးအလုံးစုံပိတ်ဆို့မှုကို ဆောင်ရွက်ခဲ့ပြီး မြောက်ကိုရီးယား နိုင်ငံနှင့် ပြည်သူတို့ကို မွန်းကျပ်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားက နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်ရန်အတွက် စွမ်းရည်များကို မြှင့်တင်ရန် နှစ်ဆတိုး ကြိုးပမ်းမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု အစိုးရသတင်းအေဂျင်စီ KCNA က ဖော်ပြခဲ့သည်။

သို့သော်လည်း တောင်ကိုရီးယား၏ ပြန်လည်ညီညွတ်ရေးဝန်ကြီးဌာနက ယင်းကြေညာချက်သည် ကုလသမဂ္ဂလုံခြံုရေးကောင်စီ ဆုံးဖြတ်ချက်များအား မြောက်ကိုရီးယားက အနိမ့်ဆုံး ပြင်းထန်မှုပုံစံဖြင့် တုံ့ပြန်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားက တာဝေးပစ် ဒုံးသစ် Taurus ကို စစ်ရေးလေ့ကျင့်မှုတွင် ပထမဆုံုးအကြိမ် ထည့်သွင်းလေ့ကျင့်ခဲ့သည်။ ဂျာမန်လုပ် ဝေဟင်မှ မြေပြင်ပစ် ယင်းဒုံးသည် တောင်ကိုရီးယား၏ အလယ်ပိုင်းမှနေ၍ ပစ်လွှတ်သည့်တိုင် မြောက်ကိုရီးယား၏ အဓိက လက်နက်စက်ရုံများကို တိကျစွာ ပစ်ခတ်နိုင်စွမ်းရှိကြောင်း တောင်ကိုရီးယားလေတပ်က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားက အမေရိကန်တပ်ဖွဲ့ဝင်များ၏ ရန်လိုမှုမှ ကာကွယ်ရန် နျူကလီးယားလက်နက် လိုအပ်ကြောင်း ပြောကြားသော်လည်း ပြံုယမ်း၏ လက်နက်စီမံကိန်းသည် ကင်ဂျုံအွန်လက်ထက်တွင် အလျင်အမြန် တိုးတက်မှုရှိခဲ့ကြောင်း လေ့လာသုံးသပ်သူများက ယူဆထားသည်။

Source – Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။