ရှရှားကတော့ ကမ္ဘာ့စစ်အင်အားအကြီးမားဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံပါ။ ရှရျား စစ်တပ်၏အင်အားကလည်း အလွန်ကို တောင့်တင်းပါတယ်။ ယခုအခါ ဥရောပသမဂ္ဂ၏ အရှေ့ဘက် စစ်မျက်နှာတွင် ရုရှားက ဘီလာရုစ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၁၄ ရက်တွင် စတင်ခဲ့ပြီး နေတိုးအဖွဲ့ဝင်များအား အင်အားပြသခဲ့သည်။ Zapad-2017 ဟု အမည်ပေးထားသော ယင်းစစ်ရေးလေ့ကျင့်မှုသည် စက်တင်ဘာ ၂၀ ရက်ထိ ဆောင်ရွက်မည်ဖြစ်ပြီး ရုရှား၏အနီးကပ် မဟာမိတ်ဘီလာရုစ်၏ ပိုင်နက်တွင် လေ့ကျင့်မည်ဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်အင်အား ၁၂၇၀၀၊ လေယာဉ်အစင်း ရ၀၊ တင့်ကားအစီး ၂၅၀ နှင့် တိုက်သင်္ဘော ၁၀ စင်းတို့ ပါမည်ဟု သိရိိှရပါတယ်။

ဘော်လ်တစ်နိုင်ငံများနှင့် ပိုလန်တို့နှင့် နီးကပ်သော နယ်နိမိတ်တွင် ရန်သူတော်ဟောင်းက စစ်ရေးလေ့ကျင့်မှုဖြင့် အားစမ်းလာခြင်းဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုသည် ကာကွယ်ရေးသဘောအပေါ်တွင် အခြေခံထားပြီး မည်သည့်နိုင်ငံ၊ မည်သည့်အုပ်စုကိုမှ မရည်ရွယ်ကြောင်း ရုရှားကာကွယ်ရေး ၀န်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ရုရှားသည် စစ်ရေးလေ့ကျင့်မှုကို အမှောင်ချထားခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများ၏ အတိမ်အနက်ကိုလည်း အလုံအလောက် ဖော်ပြခြင်းမရှိကြောင်း နေတိုးက ဝေဖန်ခဲ့သည်။ နေတိုး၏ အရှေ့ဥရောပ အဖွဲ့ဝင်နိုင်ငံများက ယင်းစစ်ရေး လေ့ကျင့်မှုတွင် တပ်ဖွဲ့အင်အား ၁၀၀၀၀၀ ကျော်ထိ ပါ၀င်နိုင်ကြောင်း အခိုင်အမာ ပြောကြားထားသည်။ ယူကရိန်းအရေးတွင် ရုရှားက ၀င်ရောက်စွက်ဖက်မှုနှင့် အရှေ့ဥရောပတွင် အမေရိကန်ဦးဆောင်သော နေတိုးက တပ်ဖွဲ့အင်အား တိုးမြှင့်မှုတို့ကြောင့် ရုရှားနှင့် နေတိုးကြား စစ်အေးခေတ်နောက်ပိုင်း ဆက်ဆံရေး အဆိုးဆုံး အခြေအနေတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်ခဲ့ခြင်းဖြစ်သည်။

မကြာခဏဆိုသလို ရုရှားက စစ်ရေးလေ့ကျင့်မှုများကို ဆက်တိုက်ဆောင်ရွက်ခဲ့သည်။ အချို့စစ်ရေးလေ့ကျင့်မှုများတွင် တပ်ဖွဲ့ဝင် ၁၀၀၀၀၀ နီးပါးထိ ပါ၀င်ခဲ့သည်ဟု ဆိုသည်။ အိမ်နီးချင်း ဥရောပနိုင်ငံများက ထောက်ခံပေးထားသော သူပုန်တို့နှင့် ပဋိပက္ခအတွက် ယင်းစစ်ရေးလေ့ကျင့်မှုက အဓိကနေရာမှ ပါ၀င်မည်ဖြစ်ကြောင်း ဘီလာရုစ် အစိုးရက ပြောကြားထားသည်။ အကြမ်းဖက်အဖွဲ့များက အကြမ်းဖက်တိုက်ခိုက်မှု ဆောင်ရွက်ရန် ကြိုးပမ်းခြင်းကို နှိမ်နင်းသည့် ပုံစံဖြင့် အသွင်ဖော်လေ့ကျင့်မှုများ ဆောင်ရွက်မည်ဟု ရုရှားက ပြောကြားထားသည်။ ရုရှားက စစ်ရေးလေ့ကျင့်မှုများအတွက် အခွင့်အရေးရှိကြောင်း ခုခံပြောကြားထားပြီး နေတိုးသည် ရုရှား၏ နယ်စပ်ထိ ချဲ့ထွင်လာသောကြောင့် တင်းမာမှုများ မြင့်တက်ခြင်းဖြစ်ကြောင်း အမေရိကန်ကို အပြစ်တင်ထားသည်မှာ ကြာပြီဖြစ်သည်။ နေတိုးအဖွဲ့ဝင် နိုင်ငံများနှင့် အမေရိကန်တို့ ပါ၀င်သော ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယူကရိန်းက စက်တင်ဘာ ၁၁ ရက်တွင် စတင်ခဲ့ပြီးနောက် ရုရှားနှင့် ဘီလာရုစ် စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဆွီဒင်ကလည်း နှစ် ၂၀ အတွင်း အကြီးဆုံး စစ်ရေး လေ့ကျင့်မှုအတွက် တပ်ဖွဲ့ဝင် ၁၉၀၀၀ကျော် ကို စစ်ပြင်ဆင်ခဲ့သည်။

Source – Eleven  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။