အမျိုးသားရယ်လို့ မဟုတ်ပဲ လူတိုင်းလိုလို လက်ကိုင်ဖုန်းကို အလွယ်တကူပဲ ဘောင်းဘီအိပ်ကပ်ထဲ ထည့်ပြီး သွားလာနေကြတာကိုတွေ့နေရပါတယ်။ ဒါပေမယ့် အမျိျုးသားတွေအတွက် ဘာကြောင့်ဂရုစိုက်သင့်လဲဆိုတာ သိထားရပါမယ်။

လက်ကိုင်ဖုန်းတွေနဲ့ သူတို့ရဲ့ ရောင်ခြည်ဖြာထွက်မှုတွေကို ကြောက်ကြပေမယ့် အများစုက ဖုန်းတွေကို ဂျင်းဘောင်းဘီတွေထဲမှာ ထည့်ကြတုန်းပါပဲ။ ဒါက သယ်ရလွယ်ကူ အဆင်ပြေပြီး သိသာတဲ့ဆိုးကျိုးတွေကို မမြင်ရသေးလို့ပဲဖြစ်ပါတယ်။

ဒါပေမယ့် လေ့လာမှုအသစ်တစ်ခုကတော့ အမျိုးသားတွေက ဘောင်းဘီအိတ်အစား အခြားဖုန်းထည့်နိုင်မယ့်နေရာကို ရှာထားသင့်တယ်လို့ဆိုပါတယ်။ လေ့လာမှု ၂၁ ခုကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ အချိန်အတော်ကြာ အမျိုးသားလိင်အင်္ဂါနဲ့နီးနီး ဖုန်းကိုထည့်လေ့ရှိသူတွေမှာ တဖြည်းဖြည်းနဲ့ သုတ်ပိုးထုတ်နိုင်တဲ့အရေအတွက် ကျဆင်းလာပါတယ်။ အသက်ရှင်လာတဲ့ သုတ်ပိုးတွေကလည်း DNA ပျက်စီးမှုတွေရှိနေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

သိပ္ပံပညာရှင်တွေအနေနဲ့ ဒီရောင်ခြည်တွေက ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်မှုရှိနေတယ်ဆိုတာကို သေချာရှင်းပြနိုင်မယ့် နည်းလမ်းမရှိသေးပါဘူး။ သြစတြေးလျတက္ကသိုလ်တစ်ခုက သုံးသပ်ချက်ကတော့ ဖြစ်စဉ်နဲ့ ဖြစ်နိုင်တဲ့အကြောင်းအရာတွေကို လေ့လာထားတဲ့ သက်သေတွေကို စုဆောင်းထားပါတယ်။ ကမ္ဘာပေါ်မှာ အမျိုးသား ၁၄ % က မျိုးမပွားနိုင်တဲ့ ပြသနာကိုရင်ဆိုင်နေရလို့ ဖုန်းဘယ်နေရာမှာထားတယ်ဆိုတာက အရေးကြီးတယ်လို့ သတိပေးထားပါတယ်။

RF-EMR ( radio frequency electromagnetic radiation) က အမျိုးသားတွေရဲ့ သုတ်ပိုးထုတ်နိုင်စွမ်းကို ပျက်စီးစေပါတယ်။ ဒီပျက်စီးမှုက သုတ်ပိုးတွေရဲ့ လှုပ်ရှားနိုင်မှုနဲ့ အသက်ရှင်သန်နိုင်မှုကို ပျက်စီးစေနိုင်သလို DNA နဲ့ ROS (reactive oxygen species) ပျက်စီးမှုကိုလည်း ဖြစ်စေပါတယ်။ လေ့လာမှု ၂၇ ခုအနက် ၂၁ ခုက လက်ကိုင်ဖုန်းကထွက်တဲ့ ရောင်ခြည်နဲ့ သုတ်ပိုးပျက်စီးမှု ဆက်စပ်တယ်လို့ ဖော်ပြပါတယ်။

လက်ကိုင်ဖုန်းနဲ့ ထိတွေ့မှုက သုတ်ပိုးလှုပ်ရှားနိုင်မှုကို ၈%လျော့ကျစေပြီး အသက်ရှင်သန်နိုင်မှုကို ၉% လျော့ကျစေပါတယ်။ သုတ်ပိုးပါဝင်မှု အပေါ်အကျိုးသက်ရောက်မှုကတော့ ပိုပြီးရှုပ်ထွေးပါတယ်။ ဒါကြောင့် ဖုန်းတွေကို ဘောင်းဘီအိတ်ထဲမှာ ဆက်ပြီးထည့်နေခြင်းက DNA ပျက်စီးနေတဲ့ သုတ်ပိုးတွေနဲ့ သန္ဓေသားဖြစ်တည်လာနိုင်တဲ့ အနာဂတ် ကျန်းမာရေးပြသနာတစ်ခုဖြစ်လာနိုင်ချေကို လျစ်လျှူလျှုထားခြင်းပဲဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက လက်ကိုင်ဖုန်းကထွက်တဲ့ ရောင်ခြည်ကို အဆင့် 2B ကင်ဆာဖြစ်စေတဲ့အရာအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒါက ဖုန်းက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တယ်ဆိုတာကို အသိအမှတ်ပြုလိုက်တဲ့ ပထမဆုံးအရာပဲဖြစ်ပါတယ်။ သို့သော်လည်း လေ့လာမှုတွေအရသာ လက်ကိုင်ဖုန်း ရောင်ခြည်တွေနဲ့ သုတ်ပိုးတွေပျက်စီးမှုကြားမှာ ဆက်စပ်မှုရှိတယ်လို့ဆိုနေကြပေမယ့် သုတေသနတွေနဲ့ တိကျတဲ့ တွေ့ရှိချက်တွေတော့ မရှိသေးပါဘူး။

ဒီသုံးသပ်မှုအရ သေချာတာတစ်ခုကတော့ အမျိုးသားတွေဟာ လက်ကိုင်ဖုန်းတွေကို သူတို့ရဲ့ လိင်အင်္ဂါနဲ့ နီးနီးမထားသင့်ပါဘူး။ ရောင်ခြည်ဒဏ်ပိုခံရလေ သုတ်ပိုးပျက်စီးမှုများလေလေပါပဲ။

Source : Dr. Mya Myo Myo Swe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။