၀ါလကင်းလွတ် သီတင်းကျွတ်တဲ့ ရာသီချိန်ခါ ရောက်တော့မှာမို့ သီတင်းကျွတ် လပြည့်နေ့ အကြောင်းကို ဗဟုသုတ ရစေရန်နှင့် မျှဝေခြင်းဖြင့် ကုသိုလ်ရစေရန် ရည်ရွယ်ပြီး တင်ဆက်ပေးလိုက်ပါတယ်။

မြတ်စွာဘုရားရှင် အလောင်းတော်ကို မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့တွင် မိခင် မဟာမာယာဒေဝီမှ ဖွားမြင်တော်မူခဲ့ပါသည်။ သက်တော် (၂၉)နှစ်အရွယ်တွင် နန်းစည်းစိမ်နှင့်တကွ အားလုံးကို စွန့်လွှတ်ကာ ဥရုဝေလ တောသို့ဝင်ခဲ့ပါသည်။

ဥရုဝေလတောတွင် ပင်ပန်း ဆင်းရဲလှသော ဒုက္ကရစရိယ အကျင့်ကို ၆နှစ် ကာလပတ်လုံး ကျင့်ခဲ့ ပါသည်။ နောင်တွင် ထိုအကျင့်များကို စွန့်လွှတ်ပြီး မဇ္စျိမပဋိပဒါ ဟူသော မဂ္ဂင်ရှစ်ပါးအကျင့်ကို ကိုယ်တော်တိုင် ကျင့်သုံးတော်မူခဲ့ပါသည်။ ထိုမဂ္ဂင်ရှစ်ပါး အကျင့်ဖြင့် ဂေါတမဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် သမ္မာသမ္ဗုဒ္ဓဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့ ပါသည်။ ဘုရားဖြစ်ပြီးနောက် - သတ္တမ ၀ါကို တာဝတိံသာ နတ်ပြည်မှာ ၀ါကပ်တော်မူပြီး မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကိုအမှူးထားကာ တာဝတိံသာနတ်ပြည်ရှိ ပင်လယ်က သစ်ပင်ရင်း ပဏ္ဍုကမ္ဗလာ မြကျောက်ဖြာထက်တွင် အဘိဓမ္မာ ဒေသနာ တော်ကို ရက်ပေါင်း (၉၀) ၀ါတွင်းသုံးလပတ်လုံး အသံမစဲ ဟောတော်မူခဲ့ပါသည်။

အဘိဓမ္မာတရား ဒေသနာ တော်ကို နည်း(၃)နည်းဖြင့် ဟောကြားခဲ့ပါသည်။

အကျယ်နည်း- ဗုဒ္ဓမြတ်စွာသည်မယ်တော်ကိုကျေးဇူးဆပ်လိုခြင်း၊ မိဘကျေးဇူးကိုသတ္တဝါတို့ နားလည်စေလိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံးတထိုင်တည်း ဟောကြားလိုခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက် ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့့ ဣရိယာပုတ်ဖြင့် ဟောသူရော နာသူပါ မနေနိုင် ခြင်း တို့ကြောင့် အဘိဓမ္မာ အကျယ်နည်းကို တာဝတိ ံသာနတ်ပြည်၌ ဟောရခြင်း ဖြစ်ပါသည်။

အကျဉ်းနည်း - မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း၊ဆွမ်းစားခြင်း၊ ရေချိုး သန့်စင်ခြင်း စသည့်ပြုဖွယ်ကိစ္စများကို ပြုလုပ်ရန် နိမ္မိတရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့်ဖန်ဆင်းပြီး လူ့ပြည်သို့ ကြွတော်မူရာတွင် ဟိမဝန္တာ စန္ဒကူးတော၌ နေ့သန့်စင်(အနားယူ)တော်မူခိုက် မြတ်စွာ ဘုရားက အရှင်မဟာသာရိပုတ္တရာအားအဘိဓမ္မာတရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူ ပါသည်။ 

မကျဉ်းမကျယ်နည်း - အရှင်သာရိပုတ္တရာက မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့်ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာကတပည့်ရဟန်းငါးရားကို ဟောကြားသော အဘိဓမ္မာဒေသနာတော်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်တင်ပြ အစစ်ဆေးခံကာ အတည်ပြုချက် ယူတော်မူခဲ့ပါသည်။ ဤသို့ဖြင့် အဘိဓမ္မာဒေသနာတော်ကြီးသည် မြတ်စွာဘုရားရှင် ခုနစ်ဝါမြောက်ဖြစ်သော မဟာ သက္ကရာဇ် ၁၀၉ခု ၀ါဆိုလပြည့် ကျော်(၁)ရက်မှ သီတင်းကျွတ်လပြည့် နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်းပေါ်ထွန်းခဲ့ပါသည်။ ဗုဒ္ဓမြတ်စွာ ဘုရားရှင်သည် အဘိဓမ္မာဒေသနာတော်ကို ဟောကြားပြီး တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ သီတင်းကျွတ်လပြည့်နေ့တွင် ဆင်းသက်တော်မူလာသည်ကို ရည်စူးပြီး ဘုရားရှင်အား ပူဇော်သော အားဖြင့် ဆီမီးထွန်းကာ မီးထွန်းပွဲ ကျင်းပသောအစဉ်အလာသည် ရှေးဘိုးဘေများလက်ထက်ကပင် ရှိခဲ့ပါသည်....။ ထို့အပြင် ဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသောနတ်သားကို တာဝတိံသာနတ််ပြည် ၌ အဘိဓမ္မာခုနှစ်ကျမ်းကိုဟောကြားတော်မူပြီးနောက် သီတင်းကျွတ်လပြည့်နေ့တွင် လူပြည်သို့ သက်ဆင်းတော်မူသည်ကို အကြောင်းပြုလျှက် “ အဘိဓမ္မာအခါတော်နေ့ ” ဟု သမုတ်ကာ အဘိ ဓမ္မာ ရွတ်ဖတ် ပူဇော်ပွဲများလည်း ကျင်းပကြပါသည်။ အဘိဓမ္မာတရားတော်ကိုတစ်နေရာတည်း ၌ တစ်ဆက်တည်းဟောကြားသော တရားရှည်ကြီးတစ်ပုဒ်ဖြစ်သော်လည်း ဟောပုံဟောနည်းအမျိုးမျိုး ကိုသုံး၍ ဟောကြားထားသဖြင့်ဟောနည်းအရ ကျမ်းခုနှစ်ကျမ်း (ဓမ္မသင်္ဂဏီ, ၀ိဘင်း, ဓာတုကထာ, ပုဂ္ဂလပညတ်,ကထာဝတ္ထု,ယမိုက်, ပဋ္ဌာန်း) ခွဲခြားထားပါသည်။

သတင်းအရင်းအမြစ် - အဘိဓမ္မာအသင်းကြီး  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။