ဖိလစ်ပိုင်နိုင်ငံတွင် ISအဖွဲ့ကိုအားပေးထောက်ခံသည့် စစ်သွေးကြွများကို အစိုးရက ချေမှုန်းလျက်ရှိသည်။ ထိုအထဲမှာမှ မာရာဝီမြို့သည် စစ်သွေးကြွတို့၏ အဓိကနေရာတစ်ခုဖြစ်သည်။ ထိုအထဲမှာမှ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှ မာရာဝီမြို့ အား လေးလနီးပါးကြာ ၀န်းရံပိတ်ဆို့ထားသည့် IS ထောက်ခံသူများ၏ ဌာနချုပ်ကို စစ်တပ်က သိမ်းလိုက်နိုင်ပြီဖြစ်ကြောင်း စက်တင်ဘာ ၁၇ ရက်တွင် ဖိလစ်ပိုင်စစ်တပ်က ကြေညာခဲ့သည်။ မာရာဝီမြို့ထဲမှ ဂျီဟတ်များကို နှင်ထုတ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့များသည် ပြင်းထန်သော လမ်းပေါ်တိုက်ပွဲများ၊ လေကြောင်း တိုက်ခိုက်မှုများကို ဆင်နွှဲလျက်ရှိသည်။ ယင်း ပဋိပက္ခကြောင့် IS သည် ဖိလစ်ပိုင်ထဲတွင် အရှေ့တောင်အာရှ အခြေစိုက်စခန်းတစ်ခု တည်ထောင်ရန် ကြိုးပမ်းနေမှုအပေါ် စိုးရိမ်ထိတ်လန့်မှုများကို မြင့်တက်စေခဲ့သည်။

စက်တင်ဘာ ၁၆ ရက်က စတင်ခဲ့သည့် ပြင်းထန်သော တိုက်ပွဲတစ်ခုအတွင်း စစ်တပ်သည် စစ်သွေးကြွတို့၏ ထိန်းချုပ်ရေးဌာနကို သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ဒီ အကြမ်းဖက်အုပ်စုကို သူတို့ရဲ့ဌာနချုပ်၊ ထိန်းချုပ်ရေး ဗဟိုချက်ဖြစ်ခဲ့တဲ့နေရာနဲ့ အဆက်အသွယ် ဖြတ်လိုက်နိုင်ခဲ့ပါတယ်။ စစ်တပ်ရဲ့ ကြီးမားတဲ့ ဒီအောင်ပွဲကြီးကြောင့် စစ်သွေးကြွတွေကို ပိုပြီးအားယုတ်စေပါတယ်” ဟု စစ်တပ်အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး အယ်ဒူရာဒိုအနိုက ထုတ်ပြန်ချက်ထဲတွင် ဖော်ပြခဲ့သည်။ “ရှင်လင်းရေး စစ်ဆင်မှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။ ရန်သူတွေဟာ သူတို့ထိန်းချုပ်ထားတဲ့နေရာတွေကို ထပ်ပြီး လက်လွှတ်ဆုံးရှုံးရဦးမယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ မတိုက်ဘဲနဲ့တော့ ရမှာမဟုတ်ပါဘူး။ ဒီအတွက် ကျွန် တော်တို့တတွေ အဆင်သင့်ပါပဲ” ဟုလည်း ၎င်းက ပြောကြားသည်။

ကက်သလစ် ဘာသာဝင်အများစု နေထိုင်သော ဖိလစ်ပိုင်တွင် အစ္စလာမ်တို့၏မြို့တော်ဟု သတ်မှတ်ခံရသော မာရာဝီမြို့၌ မေ ၂၃ ရက်မှစပြီး အစွန်းရောက်လက်နက်ကိုင် ရာပေါင်းများစွာ ၀င်လာကာ အနက်ရောင် IS အလံများ လွှင့်ထူခဲ့ကြသည်။ ထို အချိန်မှစ၍ ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း သေဆုံးခဲ့ရသည့် စစ်သွေးကြွ ၊ အစိုးရတပ်ဖွဲ့ဝင်နှင့် အရပ်သားဦးရေမှာ ၈၀၀ ကျော်သွားပြီ ဖြစ်သည်။ ယင်းတိုက်ပွဲကြောင့် လူထောင်ပေါင်းများစွာမှာလည်း နေရပ်များမှ ရွှေ့ပြောင်း ထွက်ပြေးခဲ့ရသည်။ယင်းပဋိပက္ခကြောင့် သမ္မတရိုဒရီဂိုဒူတာတေးသည် နိုင်ငံတောင်ပိုင်းတွင် စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းလိုက်ကာ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ တပ်ဖြန့်ခဲ့သည်။ လက်ရှိတွင် စစ်တပ်၏ စစ်သွေးကြွ နှိမ်နင်းရေး စစ်ဆင်ရေးများအား အမေရိကန်က လေကြောင်းတိုက်ခိုက်မှုဖြင့် အကူအညီ ပေးလျက်ရှိသည်။

Source – Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။