တင်းတိပ်အများစုက ဘာ့ကြောင့်ဖြစ်မှန်းကို မသိပါဘူး။ အများစုကတော့ နေရောင်နဲ့ ထိတွ့မှုများလို့ ဖြစ်တာလို့ သိထားကြပါ တယ်။ အပူပိုင်းဒေသရှိ အသားလတ်သူ၊ ညိုသူတွေနဲ့ နေရောင်နဲ့ပိုထိတွေ့ရသူ တွေမှာ တင်းတိပ် ပိုဖြစ်တတ်ပါတယ်။ အထူးသဖြင့် နွေရာသီလို ကာလတွေမှာ တင်းတိပ်က ပိုသိသာလေ့ ရှိတယ်။

မျိုးရိုးနဲ့ တိုက်ရိုက်မဆိုင်ပေမယ့် မိသားစုဝင်ထဲမှာ ဖြစ်ရင်တခြားတယောက်မှာလည်း ဖြစ်တတ်တယ်။ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ အချိုးချကြည့်ရင် အမျိုးသမီး ၉ယောက်ဖြစ်တိုင်း အမျိုးသားက တယောက်သာ တွေ့ရပါတယ်။ သိုင်းရွိုက်ရောဂါအခံရှိသူတွေမှာလည်းဒါမျိုးဖြစ်တာ တွေ့ရတယ်။ အလှအပပစ္စည်း၊ဆေးဝါး ဓာတုပစ္စည်း စတာတွေ ဓာတ်မတဲ့လို့လည်း ဖြစ်နိုင်တယ်။ စိတ်ဖိစီးမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တင်းတိပ်အများစုက မျက်နှာမှာ အညိုကွက်တွေ အကွက်လိုက် ပေါက်တာဖြစ်တယ်။ မျက်နှာတင်မက နေရောင်အထိများတဲ့ လည်ပင်း၊ လက် စတဲ့နေရာတွေမှာလည်း ဖြစ်နိုင်တယ်။ အညိုကွက်ရဲ့ ဘေးသားနှုတ်ခမ်းတွေက မညီညာဘူး။ ဘယ်၊ညာ နှစ်ဖက်လုံးဖြစ်ကြတယ်။ အကွက်တွေက နေ့ချင်းညချင်း ဖြစ်လာတာမဟုတ်ဘဲ ဖြည်းဖြည်းချင်းသိသာလာတာဖြစ်တယ်။ တချို့တဖြညး်ဖြည်း ပိုများလာတယ်။ အကြည့်ရဆိုးလာတယ်။

တင်းတိပ်ပျောက်ဖို့ဆိုရင် hydroquinone(HQ) ပါတဲ့ လိမ်းဆေးတွေကအသုံးများဆုံးပဲ။ တကယ်ကအရောင်ချွတ်ဆေးပါ။ ဆေးက တင်းတိပ်ထွက်စေတဲ့ ဓာတ်တမျိုးကို တားဆီးလိုက်တာဖြစ်တယ်။ ပြင်းအားနည်းတာက ဆရာဝန်လက်မှတ်မလိုပါ။ cream, lotion, gel, or liquid ပြင်းအား 2%, 4%စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့လာပါတယ်။ ရေရှည်သုံးရင် ဘေးထွက်ဆိုးကျိုးပိုများတယ်။ သတိပြုရမှာက လိမ်းဆေးသုံးပြီးတဲ့အခါ နေရောင်နဲ့ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်သင့်တယ်။

ဝက်ခြံမှာ သုံးတဲ့ tretinoin, azelaic acidစတဲ့ ဆေးတွေလည်း သုံးလို့ရပါတယ်။ tretinoin 0.05% ဆိုတာ ဗီတာမင်အေ ပါတဲ့လိမ်းဆေးဖြစ်ပါတယ်။ တုံ့ပြန်မှုနှေးတယ်။ ခြောက်လလောက်ကြာမှ နည်းနည်း သိသာလာတာမျိုးလည်းရှိတယ်။ အရေပြားခြောက်သွေ့စေပြီး အခန့်မသင့်ရင် အရေပြားရောင်တာထိ ဖြစ်နိုင်လို့ စတီးရွိုက်ဆေးတွေနဲ့ ရောသုံးသင့်တယ်။ azelaic acid 20%ဆိုတာ ရောင်ခြယ်ထုတ်တဲ့ melanocytesကို အဓိကထားတိုက်ခိုကိတာကြောင့် ဘေးထွက်ပိုနည်းတယ်။

တင်းတိပ်ပျောက်ဆေးတွေထဲမှာ triple cream ခေါ်တဲ့ hydroquinone , tretinoin နဲ့ corticosteroid သုံးမျိုးပေါင်းထားတဲ့ လိမ်းဆေးတွေကကောင်းတယ်။ US FDAက အသိမှတိပြုထားတာက Tri-Lumaဆိုတဲ့ လိမ်းဆေး။ hydroquinone 4%, tretinoin 0.05%, နဲ့ fluocinolone acetonide 0.01% ဆိုတဲ့ဆေးသုံးမျိုး ပေါင်းထားတယ်။ ၆၀ ရာခိုင်နှုန်းလောက် ထိရောက်ကောင်းမွန်စေတယ်။ တင်းတိပ်မှာ ဆေးပေးတဲ့အခါ ပေါင်းစပ်ထားတဲ့လိမ်းဆေးတွေက ပိုအာနိသင်ရှိတာ တွေ့ရတယ်။ ပုံမှန်အားဖြင့် ၂လ လောက်သုံးရင်သိသာလာပါပြီ။

တခြားနည်းတွေလဲ အများကြီး ရှိပါတယ်။ chemical peel ဆိုတာလည်း အပေါ်ယံအရေပြားကိုကွာစေတဲ့နည်းဖြစ်ပါတယ်။ kojic acid ပါတာတွေက အညိုကွက်အရောင်က ဖျော့သွားစေတယ်။ အလွန်အကျွံသုံးတာက အရေပြားကို ပိုမိုရောင်ရမ်းစေတယ်။ ကျွမ်းကျင်မှုမရှိဘဲသုံးရင် ပိုဆိုးလာနိုင်တာ သတိပြုပါ။

လေဆာနည်းတွေကလည်း သုံးကြတာပဲ။ chemical peel ပဲဖြစ်ဖြစ်၊ laser treatment လေဆာနည်းပဲဖြစ်ဖြစ် သေချာပေါက်ပျောက်မယ်လို့ အာမမခံနိုင်ပါ။ လေ့လာကြည့်တော့ လူနာတွေရဲ့ သုံးပုံတပုံမှာ အကျိုးရှိတယ်။ နောက်သုံးပုံတပုံမှာ ထူးခြားမှုမရှိ။ ကျန်တဲ့ သုံးပုံတပုံကတော့ ပိုဆိုးလာနိုင်ပါသတဲ့။

တင်းတိပ်သဘောက ပျောက်ခဲတယ်။ မှန်းဆရခက်တယ်။ တိုးတက်မှုရှိဖို့ လအနည်းငယ်စောင့်ရတတ်တယ်။ နေရောင်ထိပါများရင် ပြန်ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင်တင်းတိပ်ထွက်ရင် ကုဖို့မလိုပါ။ ကလေးမွေးပြီးတာနဲ့ တဖြည်းဖြည်း အလိုလိုပြန်ပျောက်သွားတယ်။ ဟော်မုန်းပါတဲ့တားဆေးတွေကြောင့်ဖြစ်ရင် ဆေးဖြတ်ပြီးတဲ့အခါ ပျောက်သွားတယ်။ အီစတိုဂျင်ပါတဲ့ဆေးတွေသုံးနေရင် ဖြတ်ပစ်ပါ။

အထူးဂရုစိုက်ရမှာက နေရောင်နဲ့တိုက်ရိုက်မထိတွေ့အောင် ဖြစ်တယ်။ အပြင်သွားရင် SPF 30-50 ပါတဲ့ နေလောင်ကာလိမ်းဆေး အမြဲလိမ်းဖို့ လိုပါတယ်။ အပြင်မထွက်ခင် ၁၅မိနစ် ကြိုလိမ်းပါ။ လိုအပ်ရင် နှစ်နာရီတခါလိမ်းပါ။ ပြီးရင် အဆောင်းအကာတခုခု သုံးပါ။တင်းတိပ်တွေက ကူးစက်ရောဂါမဟုတ်သလို ကင်ဆာကိုလည်း မဖြစ်စေပါ။ ပျောက်ဖို့ခက်ပေမယ့် ကံကောင်းသူတွေကတော့ သူ့အလိုလိုပြန်လည်ပျောက်ကင်းနိုင်ပါတယ်။

အားလုံးပဲ လှပချောမွေ့သော မျက်နှာအသားအရည်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင် ။

သတင်းအရင်းအမြစ် - ဒေါက်တာ အေးမင်းထူး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။