ရှရှားအစိုးရသည် အမေရိကန်အစိုးရကို သတိပေးမှုပြုခဲ့သည်။ ဖြစ်ပွားပုံမှာ အမေရိကန်စစ်တပ်သည် ဆီးရီးယားအရှေ့ပိုင်းရှိ အမေရိကန် ကျောထောက်နောက်ခံပြု တိုက်ခိုက်ရေးသမားများ ထိန်းချုပ်ထားသည့် ဒေသတစ်ခုမှနေ၍ ဆီးရီးယားအစိုးရတပ်များအား အမြောက်များဖြင့် ပစ်ခတ်ခဲ့သည်။ ထိုကဲ့သို့ ပစ်ခတ်မှုပြီးနောက်မှတော့ ရုရှားက အမေရိကန်အား လက်တုံ့ပြန်မှုများ ကြုံရမည်ဟု စက်တင်ဘာ ၂၁ ရက်တွင် သတိပေးခဲ့သည်။ယင်းပစ်ခတ်မှုအတွက် အမေရိကန် ကျောထောက်နောက်ခံပြု ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့ များ (SDF) အား မော်စကိုက အပြစ်တင်ခဲ့ပြီး အနာဂတ်တွင် တိုက်ခိုက်မှုများအား လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း မော်စကိုရှိ စစ်ဘက်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားခဲ့သည်။ SDF တပ်များနှင့် အမေရိကန်အထူးတပ်ဖွဲ့များ ရှိနေသော ယူဖရေးတီးမြစ် အရှေ့ပိုင်းရှိ ဒေသများမှနေ၍ ဆီးရီးယားအစိုးရ တပ်ဖွဲ့များအား စိန်ပြောင်းများနှင့် ရော့ကတ်များဖြင့် နှစ်ကြိမ်ပစ်ခတ်ခဲ့ကြကြောင်း ယင်း ပြောခွင့်ရပုဂ္ဂိုလ် အီဂေါကိုနာရှင်ကော့ဗ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ 

SDF တပ်များရှိသော ခရိုင်များမှ တိုက်ခိုက်မှုများအား ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန်သွားမည်ဟု ကာတာရှိ A1 Udeid မှ အမေရိကန်ကွပ်ကဲ တပ်၏ကိုယ်စားလှယ်အား အသိပေးခဲ့ကြောင်းလည်း ယင်းကြေညာချက်တွင် ဖော်ပြခဲ့သည်။ ပစ်ခတ်မှုများ ပြုလုပ်သော ယင်းဒေသရှိ နေရာများအား ရနိုင်သမျှ လက်နက်များဖြင့် ချက်ချင်း နှိမ်နင်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဆီးရီးယားရှိ ဒီယာအက်ဇာမြို့အနီး IS ဂျီဟတ်များအား ဆီးရီးယားအစိုးရတပ်များ၏ တိုက်ခိုက်မှုများကို ရုရှားက လေကြောင်းထောက်ကူမှုပေးနေပြီး ရုရှားအထူး တပ်ဖွဲ့ဝင်များကလည်း ယင်းဒေသတွင် လှုပ်ရှားနေကြောင်း သိရသည်။ ဆီးရီးယားအစိုးရ တပ်များသည် ဒီယာအက်ဇာမြို့၏ ၈၅ ရာ ခိုင်နှုန်းအား ထိန်းချုပ်ထားနိုင်ခဲ့ပြီးလာမည့် သီတင်းပတ်တွင် ယင်းမြို့သည် လွတ်မြောက်လိမ့်မည်ဖြစ်ကြောင်း ကိုနာရှင်ကော့ဗ်က ပြောကြားခဲ့သည်။

ဆီးရီးယားအစိုးရတပ်များသည် စက်တင်ဘာ ၁၈ ရက်တွင် ယူဖရေးတီးမြစ်အား ဖြတ်ကျော်ခဲ့ပြီး ဒီယာအက်ဇာမြို့ကို ဘက်သုံးဘက်မှနေ၍ အခိုင်အမာပိတ်ဆို့ခဲ့ကြောင်း သိရသည်။ ယင်းအချိန်တွင် ကာ့ဒ်နှင့် အာရပ် တိုက်ခိုက်ရေးသမားများ ပါ၀င်သော SDF သည် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှု ထောက်ပံ့ပေးမှုဖြင့် ဒီယာအက်ဇာ၏ အရှေ့မြောက်ပိုင်းမှ IS များအား တိုက်ခိုက်နေကြောင်း သိရသည်။ ယင်းစစ်ဆင်ရေးနှစ်ခု ထိပ်တိုက်တွေ့မှုမှ ရှောင်လွှဲနိုင်ရန် အမေရိကန်ညွန့်ပေါင်း၊ SDF တပ်ဖွဲ့၊ ဆီးရီးယားအစိုးရနှင့် ရုရှားတို့သည် ရာကာပြည်နယ်မှနေ၍ ယူဖရေးတီး မြစ်တစ်လျှောက် ဒီယာအက်ဇာအထိ ပဋိပက္ခ ကင်းမဲ့ဇုန်တစ်ခု ထူထောင်ရန် သဘောတူခဲ့ကြောင်း သိရသည်။ ရုရှားစစ်လေယာဉ်များသည် ယူဖရေးတီးမြစ်အရှေ့ပိုင်းတွင် SDF တိုက်ခိုက်ရေးသမားများအား ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ညွန့်ပေါင်းနှင့် SDF တို့က စက်တင်ဘာ ၁၆ ရက်တွင် စွပ်စွဲခဲ့ရာ ရုရှားက ငြင်းဆိုခဲ့သည်။ ဆီးရီးယားအစိုးရတပ်များသည် ပြီးခဲ့သောရက်များအတွင်း ယူဖရေးတီးမြစ် အရှေ့ခြမ်းတွင် ထိုးစစ်ဆင်မှုအား ဆက်လက်ဆောင်ရွက်ခဲ့ကြပြီး နယ်မြေ ၁၆ စတု ရန်းကီလိုမီတာအား လွတ်မြောက်စေခဲ့၍ ရွာနှစ်ရွာကို သိမ်းယူနိုင်ခဲ့ကြောင်း ကိုနာရှင်ကော့ဗ်က ပြောကြားခဲ့သည်။

Source – Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။