တောင်ဒဂုံမြို့နယ်၌ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်မှ တရားစွဲဆိုခံရသူ မျိုးဇော်ဦး(ခ)နဂါးလေးသည် မူးယစ်ဆေးဝါးအမှုမှ ကွင်းလုံးကျွတ်လွတ်ခဲ့သည်။ ဖြစ်စဉ်မှာ နဂါးလေးကို တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံရန် ကမ်းလှမ်းခံရပြီး ရဲတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်။ ယခုအခါ နဂါးလေးကို အရှေ့ပိုင်းခရိုင် တရားရုံး၌ တရားစွဲဆိုထားသည့် မူးယစ်ဆေးဝါးအမှုမှ ကွင်းလုံးကျွတ် လွှတ်ပေးခဲ့ကြောင်း ယင်းတရားရုံးမှ စုံစမ်းသိရှိရသည်။

ထို့သို့ အမိန့်ချရာတွင် တောင်ဒဂုံမြို့နယ်၌ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်မှ တရားစွဲဆိုခံရသူ မျိုးဇော်ဦး (၃၇ နှစ်) အား ပုဒ်မ ၁၉ (က) ဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး ယင်းအမှုတွင် အမှုတွဲအဖြစ် တရားစွဲဆိုထားသည့် နဂါးလေးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈ (၁) အရ အမှုနှင့် သက်ဆိုင်ခြင်း မရှိဟုဆိုကာ အပြီးအပြတ်လွှတ်ကြောင်း စက်တင်ဘာ ၂၁ ရက်က အရှေ့ပိုင်းခရိုင် တရားရုံး၌ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်မှ မျိုးဇော်ဦး (၃၇ နှစ်) နှင့် နဂါးလေး (ခ) အောင်နိုင်မြင့်တို့ကို ဒဂုံတောင် မြို့မရဲစခန်းတွင် မူး/စိတ်ပုဒ်မ ၁၅/၁၉(က) /၂၁ ဖြင့် အမှုဖွင့်ပြီး အရှေ့ပိုင်းခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ကြောင်း သိရသည်။ ယင်းအမှုမှ လွတ်ခဲ့သည့် နဂါးလေးမှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား လုပ်ကြံပေးရန် ကျပ်သိန်း ၂၀၀ ဖြင့် ကမ်းလှမ်းခံခဲ့ဖူးသူဖြစ်ပြီး မူးယစ်မှု၊ လုယက်မှုတို့ဖြင့် တရားခံပြေးအဖြစ် ကြေညာခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းအား ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေခဲ့ရာ ဒဂုံတောင်မြို့နယ် (၂၀) ရပ်ကွက် လှော်ကားလမ်းနှင့် ဥဿဘုရားလမ်းဆုံတွင် X-TRAIL အမျိုးအစား မော်တော်ယာဉ်ဖြင့် တွေ့ရှိသဖြင့် ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးစဉ် အသာတကြည် အဖမ်းမခံသောကြောင့် ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သော်လည်း ၎င်း၏ယာဉ်ဖြင့် ရဲတပ်ဖွဲ့ဝင်ယာဉ်များကိုတိုက်ကာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ထိုသို့ ထွက်ပြေးလွတ်မြောက်ခဲ့သည့် နဂါးလေးအား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၌ ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီးခဲ့ပြီးနောက် ၎င်းအား အရှေ့ပိုင်းခရိုင်တရားရုံး၌ တရားစွဲဆိုထားသည့် မူးယစ်ဆေးဝါးမှုဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့သော် နဂါးလေးမှာ မူးယစ်ဆေးဝါးအမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့သော်လည်း လမ်းမတော်မြို့နယ်၌ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၆/၃၂၃/၁၁၄ ဖြင့် တရားစွဲဆိုထားသဖြင့် လက်ရှိတွင် အမှုရင်ဆိုင်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

Source – Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။