ကိုယ်ဝန်ဆောင် မိခင်များအတွက် ဒီအချက်လေးတွေကိုတော့ မဖြစ်မနေ သိထားဖို့ လိုအပ်ပါတယ်။ လူတိုင်းကတော့ အစားအသောက်များကို သင့်တင့်မျှတစွာ စားသုံးဖို့က အရေးကြီးပါတယ်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများအဖို့ ပိုလို့တောင် အရေးကြီးပါတယ်။ အစားအစာ အများစုက အန္တရာယ် မရှိကြပေမယ့် ကိုယ်ဝန်ဆောင်တွေ အထူးရှောင်ရမယ့် အစားအစာ အနည်းငယ်ရှိတာကြောင့် ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက်ပါတယ်။

၁။ မကျက်တကျက် အသားများ

ပင်လယ်စာ အသားစိမ်းများနှင့် မကျက်တကျက် အသားများ (အမဲသား၊ ၀က်သား၊ ကြက်သား) ကို အထူး ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၄င်းတို့မှာ ကိုယ်တွင်းအင်္ဂါကို အန္တရာယ် ဖြစ်စေနိုင်တဲ့ မကောင်းတဲ့ ဘတ်တီးရီးယားတွေ ပါ၀င်လို့ ဖြစ်ပါတယ်။

၂။ အသားပြားများ

အသားပြားတွေမှာ ကိုယ်ဝန် ပျက်ကျမှုကို ဖြစ်ပေါ်စေနိုင်တဲ့ Listeria ပိုးတွေ ပါ၀င်ပါတယ်။ Listeria ပိုးက အချင်းထဲကို ၀င်ရောက်နိုင်ပြီး သန္ဓေသားကို ထိခိုက်စေနိုင်ပါတယ်။ အသားပြားကို စားမယ် ဆိုရင်လည်း သေချာ မီးအပူပေးပြီးမှ စားသင့်ပါတယ်။ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

၃။ အချို့သော ငါးများ

ပြဒါးဓာတ် မြင့်မားစွာ ပါ၀င်သော ငါးများကို ရှောင်ကြဉ်သင့်ပါတယ်။ ပြဒါးဓာတ်က သန္ဓေသား၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် ဦးနှောက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ပြဒါးဓာတ် ပါ၀င်သော ငါးများကတော့ ငါးမန်း၊ ငါးကွမ်းရှပ်၊ စည်သွပ်ဘူးထဲ ထည့်ထားသောငါးများနှင့် တူနာငါးတို့ ဖြစ်ကြပါတယ်။ ဆူရှီ (ရေညှိထမင်းလိပ်) တွင် ပါ၀င်သော ငါးတချို့သည်လည်း ပြဒါးဓာတ် မြင့်မားသောကြောင့် မစားသင့်ပါ။

၄။ ကျပ်တိုက်ထားသော ပင်လယ်စာများ

ကျပ်တိုက်ထားသော ပင်လယ်စာများကိုလည်း မစားသင့်ပါ။

၅။ အခွံမာ ရေသတ္တဝါအစိမ်းများ

ပင်လယ်အူနာလို ဝေဒနာများဟာ ကမာ၊ ယောက်သွား၊ ပင်လယ်ခရု၊ ဂဏန်းစတဲ့ အခွံမာ သတ္တဝါများကို မကျက်တကျက် စားသုံးခြင်းကြောင့် ဖြစ်ပါတယ်။ သေချာ ချက်ပြုတ် စားသောက်ရင်တော့ အတန်အသင့် ဘေးကင်းကောင်း ဘေးကင်း နိုင်ပါတယ်။ သို့သော်လည်း အခွံမာ ရေသတ္တဝါများကို အစိမ်းစားရင် လူတိုင်းအတွက် အန္တရာယ် ရှိနိုင်တာကြောင့် ကိုယ်ဝန်ဆောင်များပါ အထူးရှောင်သင့်ပါတယ်။

၆။ ကြက်ဥအစိမ်း

ကြက်ဥအစိမ်းများနှင့် ကြက်ဥအစိမ်း ပါ၀င်သော မည်သည့် အစား အစာကိုမဆို ရှောင်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၄င်းမှာ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားပိုးများ ပါ၀င်တာကြောင့် ဖြစ်ပါတယ်။

၇။ မကျိုချက်ထားသော နွားနို့

မကျိုချက်ထားတဲ့ နွားနို့မှာ Listeria ပိုးတွေ ပါနိုင်ပါတယ်။ ဗိုက်နာစေနိုင်တဲ့ အပြင် ၀မ်းကိုလည်း ပျက်စေပါလိမ့်မယ်။ သေချာစွာ ကျိုချက်ပြီးမှ သောက်ပါ။

၈။ ကော်ဖီ

ကော်ဖီကို အတန်အသင့် သောက်သုံးခြင်းက အန္တရာယ် မရှိကြောင်း ပြောကြပေမယ့် အချို့သော သုတေသနပြုသူတွေက ကော်ဖီ သောက်သုံးခြင်းနှင့် ကိုယ်ဝန်ပျက်ကျခြင်း ဆက်စပ်နိုင်ကြောင်း ပြောကြပါတယ်။ ဒါကြောင့် ကိုယ်ဝန်သုံးလ အတွင်းမှာ ကိုယ်ဝန်ပျက်ကျနိုင်ချေ မရှိစေရန် ကော်ဖီရှောင်ပါ။ ယေဘုယျအားဖြင့် ကိုယ်ဝန်ဆောင်စဉ် အတောအတွင်း ကော်ဖီကို တစ်နေ့လျှင် (၂၀၀) မီလီဂရမ် အများဆုံးထားပြီး သောက်သုံးသင့်ပါတယ်။

၉။ အရက်၊ ဘီယာများ

ကိုယ်ဝန်ဆောင်များ အတွက် ဘေးကင်းတဲ့ ယမကာဆိုတာ လုံးဝမရှိပါဘူး။ အရက်၊ ဘီယာနှင့် Alcohol ပါ၀င်သော အရည်များက သန္ဓေသားရဲ့ ကျန်းမာစွာ ဖွံ့ဖြိုးမှု အပိုင်းတွေကို ဆုတ်ယုတ်စေနိုင်ပါတယ်။ ထိခိုက်စေနိုင်ပါတယ်။ Alcohol ပါ၀င်သော အရည်များကို ကို ကိုယ်ဝန်ဆောင်ချိန်တွင် သာမက ကလေးနို့ချို တိုက်ကျွေးနေချိန်တွင်ပါ ရှောင်ရှားသင့်ပါတယ်။

အားလုံးပဲ ကျန်းမာလှပသော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင် <3 <3 <3

သတင်းအရင်းအမြစ် - ကျန်းမာရေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။