မြန်မာ့ဝေဟင်ပိုင်နက် ကို ကျူးကျော်ရန်စ ရန် ကြံစည်နေတဲ့ မည်သည့် ရန်သူကိုမဆို တပ်လှန့်လိုက်တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် ကတော့ Buk Missile System ပဲဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့တပ်မတော် နေ့ စစ်ရေးပြ အခမ်းအနားမှာ ထုတ်ဖော်ပြသခဲ့တဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ် လည်းဖြစ်ပါတယ်။ မြန်မာ အနေနဲ့ ဘီလာရုစ်နိုင်ငံဆီမှ ၀ယ်ယူထားတယ်လို့ နိုင်ငံခြား ကာကွယ်ရေး သတင်းအရင်းအမြစ်တွေ အရ သိရပါတယ်။

Buk Missile System ဟာ တာလတ်ပစ် မြေပြင်မှဝေဟင်ပစ် ဒုံးပျံစနစ်ဖြစ်ပြီး ဆိုဗီယက် ယူနီယံ (ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး နောက် ယခုလက်ရှိမှာတော့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ) မှ စတင်ပြီး ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ ခရုစ်မစ်ဇိုင်းတွေ၊ စမတ်ဗုံးတွေ၊ တိုက်လေယာဉ်တွေ၊ မောင်းသူမဲ့လေယာဉ်တွေကို ပစ်ချနိုင်အောင် ဒီဇိုင်းထုတ် ထားပါတယ်။

Buk Missile System ဟာ ရွေ့လျားနိုင်တဲ့ ရေဒါလမ်းညွှန် တာလတ်ပစ် မြေပြင်မှဝေဟင်ပစ်ဒုံးပျံ (radar-guided surface-to-air missile (SAM)) စနစ်ဖြစ်ပြီး အဓိကအပိုင်းလေးပိုင်းပါ၀င်ပါတယ်။ ပစ်မှတ်ရှာရေဒါ၊ အမိန့်ပေးထိန်းချုပ်စနစ်၊ ဒုံးပျံပစ်ခတ်ယာဉ် နဲ့ ထောက်ပံ့ရေးစနစ် တို့ပဲဖြစ်ပါတယ်။ ယာဉ်တင်စနစ်ဖြစ်တာကြောင့် ဒီစနစ်ကို အခြားစစ်ရေးတပ်ဖွဲ့များနဲ့ အတူ အလွယ်တကူရွေ့ပြောင်းနိုင်ပြီး၊ ရန်သူအနေနဲ့ ရှာဖွေရ ပိုမိုခက်ခဲစေပါတယ်။ Buk Missile System ဟာ အခြား လေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့ တွေဖြစ်တဲ့ Tor, Tungushka, Strela-10, Igla စတဲ့ အဖွဲ့တွေနဲ့လည်း ပေါင်းစပ်ကာကွယ်နိုင်ပါတယ်။ ဒါ့ကြောင့် "Buk Missile System" လေကြောင်းရန်ကာကွယ်ရေးစနစ် ဟာ မြန်မာ့ဝေဟင်ပိုင်နက်ကိုကာကွယ်ရာမှာ အားကိုးရမယ့် စနစ်တစ်ခု လည်းဖြစ်ပါတယ်။

Source: Myanmar Defence Blog, Myanmar Defence Facebook Pages

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။