ယခုနှစ် စက်တင်ဘာ ၂၄ရက်နေ့တွင် ဂျာမန်အထွေထွေရွှေးကောက်ပွဲကို ကျင်းပခဲ့သည်။ အဆိုပါ ရွှေးကောက်ပွဲတွင် လက်ရှိ အာဏာရ အိန်ဂျလာမာကယ်က လေးကြိမ်ဆက် အနိုင်ရသော်လည်း လက်ယာစွန်း AfD ပါတီက ပါလီမန်တွင် ပထမဆုံးအကြိမ် ခြေကုပ်အဖြစ် အမတ်နေရာအချို့ အနိုင်ရရှိ သွားသည်။ ယခင် ရွေးကောက်ပွဲအများစုတွင် အပြတ်အသတ် အနိုင်ရခဲ့ပြီး ၁၂ နှစ်ကြာ အာဏာရထားသည့် မာကယ်အနေဖြင့် သူမ၏ ကွန်ဆာဗေးတစ် ခရစ်ယာန်ယူနီယံ (CDU/CSU) က ၃၃ ရာခိုင်နှုန်းသာ အနိုင်ရရှိသည်။ အနီးစပ်ဆုံးပြိုင်ဘက် ဆိုရှယ်ဒီမိုကရက် မာတင်ရှုဇ်၏ပါတီက ၂၀-၂၁ ရာခိုင်နှုန်းခန့် အနိုင်ရရှိသည်။ သို့သော် ဂျာမန်နိုင်ငံရေးတွင် ထူးခြားမှုအဖြစ် အစ္စလာမ်ဆန့်ကျင်ရေး၊ လူဝင်မှုဆန့်ကျင်ရေး AfD ပါတီက နိုင်ငံ့၏ တတိယမြောက်အကြီးဆုံး နိုင်ငံရေးအင်အားစုအဖြစ် ၁၃ ရာခိုင်နှုန်း အနိုင်ရရှိသွားသည်။

လေးနှစ်သက်တမ်းသာရှိသေးသည့် AfD သည် လက်ယာစွန်း ပြင်သစ်အမျိုးသားတပ်ဦး FNF ၊ ဗြိတိန်မှ UKIP တို့နှင့် နီးစပ်ပြီး ဂျာမန်နိုင်ငံရေး ပင်မရေစီးမှ ဖယ်ကြဉ်ခြင်းခံထားရပြီး ယခုအခါတွင် ဂျာမန်အောက်လွှတ်တော်၌ အတိုက်အခံ နေရာအချို့ ပိုင်ဆိုင်ရရှိ သွားပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျာမန်လွှတ်တော်အတွင်းသို့ တကယ့်နာဇီများ ၀င်ရောက်ဖွယ် အန္တရာယ်ရှိသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဆစ်ဂ်မာဂေဘရီယယ်က တံဆိပ်ကပ်ကာ အလားအလာကို ကြိုတင်သတိပေးခဲ့ပြီး သူတို့၏ နောက်ဆုံး မဲဆွယ်နေ့ရက်များမှ မဲဆွယ်ပွဲများတွင် အများကြိုက်ဝါဒီများအား ဆန့်ကျင်ရန် မဲဆန္ဒရှင်များအား ပန်ကြားမှုပြုလုပ်ခဲ့သေးသည်။ 

ဂျာမနီအတွက် အစားထိုးစရာမဟုတ်ကြောင်း၊ သူတို့သည် မိမိတို့နိုင်ငံအတွက် ရှက်ဖွယ်တစ်ခုသာဖြစ်ကြောင်းဖြင့် ယခင် ဥရောပပါလီမန်အကြီးအကဲ ရှုဇ်က စက်တင်ဘာ ၂၂ ရက်က ဘာလင်တွင်ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးစုဝေးမှုတွင် ၎င်းတို့အား ရည်ညွှန်းတိုက်ခိုက်ပြောကြားခဲ့သေးသည်။ မာကယ်၏ ဦးဆောင်မှု ဆယ်စုနှစ်တစ်ခု ကျော်လွန်လာခဲ့ပြီးနောက် အပြောင်းအလဲကိုပြုလုပ်ရန် ဆန္ဒထုတ်ဖော်ပြသသည့် အနေဖြင့် ဂျာမန်တို့က ယခုရွေးကောက်ပွဲတွင် မည်သည့်ပါတီမျှ အမတ်နေရာအများစု အပြတ်အသတ် မရရှိသည့် အကွဲကွဲအပြားပြားဖြစ် သော ပါလီမန်အသစ်ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ ဂျာမန်လွှတ်တော်တွင် ကိုယ်စားပြု ငါးရာခိုင်နှုန်းအထက်အဖြစ် Free Democrats (၁၀ ရာခိုင်နှုန်း)၊ anti-capitalist left နှင့် Greens (ကိုးရာခိုင်နှုန်းစီ) ရရှိသည်။

Source – Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။