“From Log Cabin To Cabinet” သစ်လုံးအိမ်လေးမှ သမ္မတအိမ်ဖြူတော်ကို တက်လှမ်းနိုင်ခဲ့တဲ့ သူ ကတော့ သမ္မတကြီး အေဘရာဟမ်လင်ကွန်း ပါ။ သမ္မတကြီး အေဘရာဟမ်လင်ကွန်းကို ဖေဖော်ဝါရီလ ၁၂ ရက် ၁၈၀၉ ခုနှစ်မှာ Hodgenville, Kentucky မှာ ရှိတဲ့ သစ်လုံးအိမ်လေးတစ်ခုမှာ မွေးဖွားခဲ့ပါတယ်။ လင်ကွန်း ကို ချစ်စနိုး နဲ့ “Honest Abe” လို့လည်းခေါ်ပါတယ်။ အမေရိကန်သမိုင်းတစ်လျှောက်မှာ အကျော်ကြားဆုံးနဲ့ ကြီးကျယ်အမြင့်မြတ်ဆုံး သမ္မတကို ပြပါဆိုလျှင် သမ္မတကြီး အေဘရာဟမ်လင်ကွန်း ကိုပြရမှာပါ။ လင်ကွန်း ရဲ့ ရိုးသားနှိမ့်ချမှု၊ ဆုံးဖြတ်ချက်ပြတ်သားမှု၊ မလျှော့သော ဇွဲလုံ့လတွေက လင်ကွန်းကို သမ္မတကြီး အဖြစ်သို့ ရောက်ရှိစေခဲ့ပါတယ်။

နိုဝင်ဘာလ ၆ ရက်၊ ၁၈၆၀ခုနှစ်မှာ လင်ကွန်းဟာ အမေရိကန် နိုင်ငံ ရဲ့ ၁၆ ယောက်မြောက်သမ္မတကြီး အဖြစ်ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။ လင်ကွန်းဟာ အမေရိကန် ပြည်တွင်းစစ်ကို အောင်မြင်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။ အမေရိကန် ပြည်တွင်းစစ်ကာလမှာ ဖိအားမျိုးစုံကို လင်ကွန်း အနေနဲ့ ရင်ဆိုင်ခဲ့ပါတယ်။ စစ်မြေပြင်မှာ အကျအဆုံးများမှု၊ စစ်ဗိုလ်ချုပ်တွေ ရဲ့ အရည်အချင်းမပြည့်မီမှု၊ စသည်ဖြင့် အခက်အခဲမျိုးစုံ ကို ရင်ဆိုင်ကျော်လွှားနိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု ကို ပြန်လည်စုစည်းရာမှာ အဓိက အခန်းကဏ္ဍကနေ ပါ၀င်ခဲ့ပါတယ်။ ဒါ့အပြင် တိုင်းပြည်အတွင်း ကျွန်စနစ်ဖျက်သိမ်းရေးကို ရှေ့ဆုံးကနေ မားမားမတ်မတ် ရပ်တည်ကာ လှုပ်ရှားဆောင်ရွက်ခဲ့မှုကြောင့် ကျွန်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့ပါတယ်။ လင်ကွန်းဟာ ဒီမိုကရက်တစ် အစိုးရဖြစ်ဖို့ အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ပါတယ်။ လင်ကွန်းရဲ့ နာမည်ကျော် မိန့်ခွန်းဖြစ်တဲ့ Gettysburg Address မှာ “the government by the people, of the people and for the people shall not perish from the earth”၊ “ပြည်သူ့အတွက်၊ ပြည်သူလူထုမှ အုပ်ချုပ်တဲ့ ပြည်သူ့အစိုးရဟာ ကမ္ဘာပေါ်ကနေ မည်သည့်အခါမှ ပျောက်ပျက်သွားမှာ မဟုတ်ဘူး” လို့ပြောကြားချက်ဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ လင်ကွန်းဟာ တိုင်းပြည် ရဲ့ အခြေခံဥပဒေ၊ စစ်ရေး နဲ့ စီးပွားရေး ဆိုင်ရာကိစ္စရပ်တွေမှာ တိုင်းပြည်အတွက် ရှေ့ဆုံးမှ ဦးဆောင်ခဲ့ပါတယ်။ အစိုးရကို ပိုမိုကျစ်လျစ်အောင်ဖွဲ့စည်းနိုင်ခဲ့ပြီး၊ အမေရိကန်စီးပွားရေးကို ခေတ်မီတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

သမ္မတကြီး အေဘရာဟမ်လင်ကွန်း ဟာ တိုင်းပြည်ကို ပြန်လည်တည်ဆောက်ပေးခဲ့ရုံသာမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အခြေခံကျတဲ့ အုတ်မြစ်တွေကို ချပေးခဲ့သူ လည်းဖြစ်ပါတယ်။ သမ္မတကြီး အေဘရာဟမ်လင်ကွန်း ဟာ အမေရိကန် သမိုင်းမှာ ပထမဆုံး လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ သမ္မတကြီး အေဘရာဟမ်လင်ကွန်းဟာ မည်သည့်ဆုတံဆိပ်၊ မှ မရရှိဘူးသော်လည်း  ယနေ့ခေတ် အထိ လေးစားကြည်ညိုခြင်း အခံရဆုံး သမ္မတအဖြစ် သတ်မှတ်ခြင်းခံရပါတယ်။

Source: Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။