ရုံးပိတ်ရက် အိမ်မှာဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အတူတူ မုန့်လုပ်စားမယ်ဆိုရင် လွယ်ကူပြီး အရသာရှိတဲ့ ကော်ရည်ခေါက်ဆွဲကို ရွေးချယ် ပြုလုပ်နိုင်ပါတယ်။ ကော်ရည်ခေါက်ဆွဲဆိုတာကလည်း နာမည်ကြီး လူကြိုက်များတဲ့ အစားအသောက်တစ်ခုဆို မမှားပါဘူး။ သူနဲ့ အလိုက်ဖက်ဆုံး တွဲစားတဲ့ အရာကတော့ ငပိထောင်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကော်ရည်ခေါက်ဆွဲနဲ့ နဲ့ ငပိထောင်း ပြုလုပ်နည်းလေး (၅ယောက်စာ)ကို ဖော်ပြလိုက်ပါတယ်။ 

ဟင်းရည်တွင်ပါဝင်ပစ္စည်းများ (၅ယောက်စာ)

-ကြက်တကောင်

– Corn flour ၈ဇွန်း(စားပွဲတင်)

-ကြက်ဥ ၃လုံး

-မှိုအညိုအခြောက် ၅ပွင့်

-ကြွက်နားရွက်မှို ၅ရွက်

-ပဲငံပြာရည်အကြည် ၂ဇွန်း(စားပွဲတင်)

-ပဲငံပြာရည်အနောက်၁ဇွန်း(စားပွဲတင်)

-ခရုဆီ ၁ဇွန်း(စားပွဲတင်)

-ငရုတ်ကောင်း၁ဇွန်း(စားပွဲတင်)

-ကြက်သွန်ဖြူ၃မွှာ

ကော်ရည် ပြုလုပ်ပုံအဆင့်ဆင့်

- ကော်ရည်ခေါက်ဆွဲ မချက်ခင်တွင် မှိုများကိုရေစိမ်ထားပါ။

- ကြက်သားကို ရေစင်စင်ဆေးကာ ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ပြုတ်လိုက်ပါ။ ကြက်ပြုတ်ရည်ဟာ ကြက်ရိုးပါမှအရသာရော အဟာရရော ပိုရမှာမို့ တကောင်းလုံးအရိုးရော အသားရော ရောပြီး ပြုတ်ပါတယ်။ အချိုအတွက်ကြက်ရိုးကရပြီးသားမို ကြက်သားမှုန့်၊ အချိုမှုန့်မလိုပါ။ ဆားအနည်းငယ်သာထဲ့ပါ။-

- ပြုတ်ရေ၂လီတာခွဲခန့်ထိ ကျန်အောင် ပြုတ်ပါ။

- ရေစိမ်ထားမှိုများကို ပါးပါးလှီးထားပါ။ ကြက်ဥများ နာနာခလောက်ထားပါ။ corn flour ကိုရေဖျော်ထားပါ။ နူးနေသောကြက်သားများကို အမျှင်လေးများထွင်ထားပါ။

- ကြက်ပြုတ်ရေခပ်နွေးနွေးသာရှိနေချိန်မှာ ကော်ရေကိုရောပါ။ အဲဒါမှ ကော်ရည်ဟာ ပြုတ်ရည်နဲ့တသားတည်းဖြစ်သွားပါမယ်။ ကော်ရည် အခဲလဲလုံးဝမဖြစ်တော့ပါ။

- ထိုသို့ုရောပြီးနောက် အပူပေးကာဖြေးဖြေးချင်း မွှေနေပါ။ ကြက်သားဖတ်များ၊ မှိုများထဲ့ပါ။ ကြက်ပြုတ်ရည် ကျွပ်ကျွပ်ဆူလာရင် ကြက်ဥရည်များ ဖြေးဖြေးချင်းလောင်းထဲ့လိုက်ပြီး မွှေပါ။

- ကြက်ဥရည်များအမျှင်လေးများဖြစ်လာပါမယ်။ ဒီအခါမှ ပဲငံပြာရည်များနဲ့ ခရူဆီ ရောပါ။ ဟင်းရည်တော်တော်ပျစ်လာရင် ငရုတ်ကောင်းဖြူးပါ။

ကော်ရည်နှင့် တွဲဖက်စားရန် ပြင်ဆင်ပုံများ

-ခေါက်ဆွဲ

-ကန်းစွန်းရွက်

-ပဲပင်ပေါက်

ကန်းစွန်းရွက်၊ ပဲပင်ပေါက်တို့ကို ရေဆူဆူဖြင့် ၂မိနစ်ခန့် လောင်းပြီး (သို့မဟုတ်) ခဏ စိမ်ပြီး ရေအေးအေးမှာ ပြန်စိမ်လိုက်ပါ။ အရွက် မညှိုးပဲ (သို့မဟုတ်) မမဲစေအောင် ပြုလုပ်ပါ။ ပြုတ်တဲ့အခါဆားထည့့်ပြုတ်ရင်လဲ ရပါတယ်။

ငပိထောင်း ပြုလုပ်နည်း

ငပိကို ဟင်းချက်ဇွန်းတွင်ကပ်ပြီး ၃မိနစ်ခန့်မီးပြပေးပါ။ ဖုတ်ပြီးငပိကိုသံပရာရည် စားပွဲတင်တဇွန်းစာ ထည့်ရောပါ။ ငရုတ်သီး၅တောင့် ကြက်သွန် ဖြူ၃ဥ ကို၂မိနစ်မီးကင်ပြီး ထောင်းပါ။ ကြက်သွန်နီ၁လုံးရဲ့ တဝက်ကိုပါးပါးလှီး ကြက်သားမှုန့်အချိုဇွန်းဝက်ခန့် ထည့်ပြီး ရောလိုက်ရင် တွဲစားစရာငပိထောင်းလေးရပါပြီ။

ပွဲပြင်တဲ့အခါ ခေါက်ဆွဲ၊ အရွက်များထည့်ပြီးနောက် ဟင်းရည်ပူပူ ပျစ်ပျစ်ကိုလောင်းထည့်ပြီး ငပိထောင်း စပ်စပ်ဖြင့်အရသာရှိရှိစားသုံးနိုင်ပါပြီ။ အချဉ်ကြိုက်ရင် သံပရာသီး ညှစ်၍ သုံးဆောင်နိုင်ပါတယ်။ အားလုံးပဲ အရသာရှိရှိ သုံးအောင်နိုင်ကြပါစေနော် …. ။

သတင်းအရင်းအမြစ် - ဒေါ်စောရီ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။