အမျိုးသားတွေက အများအားဖြင့်သူတို့ရဲ့ကျန်းမာရေးကို စိတ်ဝင်စားလေ့မရှိကြပါဘူး။ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ အသက် 18-70 နှစ်ရှိအမျိုးသား 500 ကျော်ကို စစ်တမ်းကောက်ကြည့်တဲ့အခါ 5 ယောက်မှာ 3 ယောက်က နှစ်စဉ် ခန္ဓာကိုယ်ဆေးစစ်မှုခံယူပြီး 40% လောက်က စိုးရိမ်ရတဲ့ကျန်းမာရေးအခြေအနေတစ်ခုခုကြုံတွေ့ရမှ ဆရာဝန်သွားပြကြတာကိုတွေ့ရှိရပါတယ်။ စစ်တမ်းကောက်ယူတဲ့အနက်က တစ်ဝက် (53%)လောက်က သူတို့ရဲ့ကျန်းမာရေးအကြောင်းမပြောဖြစ်ကြဘူးလို့ဆိုပြီး 19% လောက်ကတော့ သူတို့ကိုချစ်ခင်တဲ့သူတစ်ယောက်ယောက်ကပြောမှပဲ ဆရာဝန်ဆီသွားပြတယ်လို့ဆိုပါတယ်။

နှစ်စဉ် အမျိုးသားတွေရဲ့ 36%က လက်ရှိဖြစ်ပျက်နေတဲ့အကြောင်းအရာတွေအကြောင်း၊ 32% က အားကစားအကြောင်း၊ 32%က အလုပ်အကြောင်း၊ 7% ကသာ သူတို့ရဲ့ကျန်းမာရေးအကြောင်းကို ပြောဖြစ်ကြပါတယ်။

>> ဆရာဝန်ကို ပြောပြပါ။ “MENtion It”

“MENtion It” ဆိုတဲ့ ပညာရပ်လှုံ့ဆော်ပွဲတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ စစ်တမ်းထွက်ရှိထားပါတယ်။ ပန်းတိုင်ကတော့ အမျိုးသားတွေက သူတို့ရဲ့ကျန်းမာရေးပြဿနာတွေကို ဆရာဝန်တွေကိုပိုမိုပြောကြားပြီး ပြဿနာတွေကိုကာကွယ်နိုင်စေရန်ဖြစ်ပါတယ်။

အမျိုးသားတွေအပါအဝင် လူတိုင်းလူတိုင်းက ကျန်းမာတဲ့ဘဝကိုရရှိစေဖို့ အရေးကြီးဆုံးအချက်နှစ်ချက်ဖြစ်တဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းနဲ့ ကျန်းမာတဲ့အစားအစာများစားသုံးခြင်းကို လိုက်နာကျင့်သုံးသင့်ပါတယ်။ အရေးကြီးတဲ့အချက်တွေကတော့ -

- ဆရာဝန်နဲ့တွေ့ဆုံပါ။ ဆရာဝန်နဲ့ပုံမှန်ပြသပြီးစစ်ဆေးခြင်းဖြင့် အမျိုးသားတွေရဲ့ကျန်းမာရေးကို အန္တရာယ်ပြုနိုင်တဲ့ ဆီးကျိတ်ကင်ဆာ(အမျိုးသား 6 ဦးမှာ တစ်ဦးဖြစ်) ကဲ့သို့သော အဖြစ်များတဲ့ရောဂါတွေကို စောစီးစွာသိရှိစေနိုင်ပါတယ်။

- အမှန်ကိုပြောကြားပါ။ အမျိုးသားအများစုက သူတို့ရဲ့ ဆီးပြဿနာတွေနဲ့ လိင်ပိုင်းဆိုင်ရာပြဿနာတွေအကြောင်း မိတ်ဆွေ၊ မိသားစုနဲ့ ဆရာဝန်တွေကိုဖွင့်ပြောပြဖို့ စိတ်မသက်မသာဖြစ်တတ်ကြပါတယ်။ ဖွင့်မပြောရင် သက်သာမှာမဟုတ်တဲ့အပြင် ပန်းသေပန်းညှိုးခြင်းကဲ့သို့သော အချို့သောပြဿနာတွေက သွေးကြောပိတ်ခြင်း (သို့) အမျိုးအစား (2) ဆီးချိုရောဂါရှိခြင်း စတဲ့ကျန်းမာရေးပြဿနာတွေကြောင့်ဖြစ်နိုင်ပါတယ်။

- ကျန်းမာရေးအခြေအနေအမျိုးမျိုးကို စစ်ဆေးသင့်တဲ့မှန်ကန်တဲ့အသက်အရွယ်ကိုသိတဲ့ အမျိုးသားအနည်းငယ်သာရှိပါတယ်။ အထူးသဖြင့် မျိုးရိုးထဲမှာ ရောဂါရှိတယ်ဆိုရင်ဘယ်အရွယ်မှာ ဘာတွေစစ်ဆေးသင့်တယ်ဆိုတာ ဆရာဝန်ကိုမေးမြန်းပါ။ အရေးကြီးတဲ့စစ်ဆေးမှုတွေပြုလုပ်သင့်တဲ့ အသက်အရွယ်တွေကိုဖော်ပြပေးလိုက်ပါတယ်။

- အူမကြီးကင်ဆာစစ်ဆေးမှု - အသက် 50

- ဆီးကျိတ်ကင်ဆာစစ်ဆေးမှု - အသက် 50

- နှလုံးနှင့် သွေးကြောရောဂါ - အသက် 20

- သွေးပေါင်ချိန်စစ်ဆေးမှု - အသက် 20

- ကိုယ့်ကိုယ်ကိုဆန်းစစ်ပါ။ မျိုးပွားအင်္ဂါနေရာကို လစဉ်မိမိဘာသာစစ်ဆေးခြင်းဖြင့် ဝှေးစေ့ကင်ဆာကဲ့သို့သော ကုသနိုင်တဲ့ရောဂါလက္ခဏာကို စောစီးစွာသိရှိနိုင်ပါတယ်။ ဒါက အမျိုးသား 250 ဦးမှာ တစ်ဦးဖြစ်လေ့ရှိပြီး တစ်ဝက်လောက်က 35 နှစ်အောက်မှာ အဖြစ်များပါတယ်။ 95% ကျော်က ကုသနိုင်ပါတယ်။ အလုံး (သို့) ပုံမှန်မဟုတ်တဲ့အရာတစ်ခုခုကို စောစောတွေ့ရှိခြင်းဖြင့် စောစောကုသပျောက်ကင်းစေနိုင်ပါတယ်။

- စိတ်ချရတဲ့လိင်ဆက်ဆံမှုပြုလုပ်ပါ။ မျိုးပွားအင်္ဂါတစ်ဝိုက်မှာ ကြွက်နို့ (သို့) အကြိတ်တွေရှိ/မရှိ အမြဲစစ်ဆေးပါ။

အမျိုးသားတွေရဲ့ကျန်းမာရေးအတွက်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်ပြီး ဆရာဝန်ဆီကစောစောညွှန်ကြားမှုရရှိခြင်းဖြင့် သေးငယ်တဲ့ပြဿနာကို မကြီးထွားအောင်ကာကွယ်နိုင်ပါတယ်။ ဒီအချက်တွေကိုသိရှိပြီး ယနေ့ပဲကျန်းမာရေးစောင့်ရှောက်မှုခံယူကာ များစွာသောအကျိုးကျေးဇူးတွေကိုရယူပြီး ဘဝအရည်အသွေးနဲ့ သက်တမ်းကိုမြှင့်တင်ကြပါစို့။

Source : Dr. MMMS 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။