မိုးဒီကို ဇန်နဝါရီ ၁၆ရက် ၁၉၄၈ ခုနှစ်တွင် ဟင်္သာတမြို့ ဆကာတန်းရပ်တွင် အဖ ဦးဟန်တင်နှင့် အမိ ဒေါ်ခင်မြင့်တို့မှ မွေးဖွားခဲ့သည်။ မခင်ရွှေနှင့် မောင်ခင်မောင်အေး ဆိုသည့် အစ်ကိုတစ်ဦးနှင့် အစ်မတစ်ဦး ရှိပြီး မွေးချင်း (၃) ဦးတွင် အငယ်ဆုံးဖြစ်သည်။ အ.ထ.က (၁) ဟင်္သာတတွင် သတ္တမတန်း အထိ ပညာသင်ကြားခဲ့သည်။မိုးဒီသည် လူရွှင်တော် ဟာသသရုပ်ဆောင် တစ်ဦးဖြစ်ပြီး ကျွန်တော့်သဘင် တင်မိုးဝင်းတွင် လူရွှင်တော် မော့စ်နှင့် တွဲဖက်၍ နာမည်ကျော် လာခဲ့သူ ဖြစ်သည်။အမည်ရင်းမှာ ဦးသန်းထွန်း ဖြစ်သည်။

အသက် ၁၄ နှစ် အရွယ်တွင် ပန်တျာကြည်လင်ဇာတ်အဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ထိုဇာတ်အဖွဲ့တွင် မီးထိုးသမား အဖြစ် ၅ နှစ်ကျော်မျှ လုပ်ကိုင်ခဲ့ပြီးနောက် ဇာတ်မင်းသမီး မအေးကြွယ်နှင့် အိမ်ထောင်ပြုခဲ့သည်။ အသက် ၂၀ အရွယ်တွင် ရွှေမန်းကျော်အောင် ဇာတ်သို့ ပြောင်းရွှေ့ခဲ့သည်။ ရွှေမန်းကျော်အောင်ဇာတ်တွင် မီးထိုးသမား အဖြစ်လုပ်ကိုင်ရင်း လူရွှင်တော် ဖြစ်လာခဲ့သည်။ ထိုစဉ်က လူရွှင်တော် အမည်မှာ "မိုးဒိ" ဖြစ်သည်။ ရွှေမန်းကျော်အောင်ဇာတ်တွင် တစ်နှစ်ခွဲမျှကြာပြီးနောက် စိန်မာဒင်ဇာတ်သို့ ပြောင်းရွှေ့ခဲ့သည်။ စိန်မာဒင်ဇာတ်တွင် ဇာတ်ဆရာ၏ ကြော်ငြာမှားယွင်း ရိုက်နှိပ်ရာမှ "မိုးထိ" ဟူသော အမည်ဖြစ်လာခဲ့သည်။ ၃ နှစ်အကြာတွင် ခင်မာချို အငြိမ့်အဖွဲ့သို့ ပြောင်းလဲပြီးနောက် မိုးဒီ ဖြစ်လာခဲ့သည်။ ထိုအငြိမ့်အဖွဲ့တွင် ၄ နှစ်ကျော်မျှ ကပြခဲ့ပြီးနောက် စိန်မာဒင်တွင် ခေတ္တခဏ ပြန်လည် ဝင်ရောက်ခဲ့သည်။ ထို့နောက် ခင်မာချို အငြိမ့်အဖွဲ့တွင် တစ်နှစ်မျှ ကပြပြီးနောက် အငြိမ့်လောကမှ အနားယူခဲ့သည်။

ထို့နောက် စိန်မာဒင် ဇာတ်အဖွဲ့သို့ ပြန်လည်ဝင်ရောက်ပြီးနောက်တွင် ပြဇာတ်မင်းသား ဒို့တင်ဌေး နှင့် တွဲဖက်၍ ကပြခဲ့သည်။ ဒို့တင်ဌေး ထွက်သွားပြီးနောက်တွင် စိန်မာဒင်ဇာတ်မှာ မိုးဝင်းဇာတ် ဖြစ်လာခဲ့သည်။ မိုးဝင်းဇာတ်တွင် မော့စ်နှင့်အတူ ၈ နှစ်ကြာမျှ ကပြခဲ့သည်။

Aung

Source: Internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။