လက်ရှိအချိန်တွင် မြောက်ကိုရီးယားသည် ဟိုက်ဒရိုဂျင်ဗုံးကို တီထွင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နှင့်လည်း တင်းမာမှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။ အမေရိကန်ကတော့ မြောက်ကိုရီးယား နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပိတ်လိုက်ပါပြီ။ ဒါ့ပေမယ့် လက်ရှိအချိန်မှာ အမေရိကန်ကမြောက်ကိုရီးယားကို နူကလိယားအကြောင်းညိနှိုင်းရန် ဆက်သွယ်နေပါတယ်။ အမေရိကန်က ၎င်းတို့သည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များနှင့် ပတ်သက်ပြီး ဆွေးနွေးရန် မြောက်ကိုရီးယားကို တိုက်ရိုက်ဆက်သွယ်နေကြောင်း၊ သို့သော် မြောက်ကိုရီးယားဘက်က စိတ်ဝင်စားမှု မပြသကြောင်း စက်တင်ဘာ ၃၀ ရက်က ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်သည် တရုတ်ခရီးစဉ်အတွင်း ယခုအကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ကျွန်တော်တို့ဘက်က အခြေအနေတွေကို စုံစမ်းနေပါတယ်။ ဆွေးနွေးလို သလားလို့လည်း မေးထားပါတယ်။ ကျွန်တော်တို့မှာ ပြုံယမ်းနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ရှိပါတယ်။ သူတို့နဲ့ဆက်သွယ်ဖို့ နည်းလမ်း မရှိတာမျိုး မဟုတ်ပါဘူး” ဟု တေလာဆင်က ပေကျင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ လက်ရှိတွင် မြောက်ကိုရီးယားနှင့် တိုက်ရိုက် ဆက်သွယ်မှုများ ပြုလုပ်နေသည်ဟု တေလာဆင်က မြောက်ကိုရီးယားအစိုးရဘက်သို့ အမေရိကန်က ဖွင့်ပေးထားသည့် ဆက်သွယ်ရေးလမ်းကြောင်း နှစ်ခုသုံးခုခန့်ကို ရည်ညွှန်း ပြောကြားခဲ့သည်။ အမေရိကန်သည် မြောက်ကိုရီးယား အစိုးရနှင့် သံတမန်ရေး ဆက်သွယ်သည့် လမ်းကြောင်းမရှိဘဲ မြောက်ကိုရီးယားကို ထိန်းချုပ်ပေးရန် တရုတ်အပေါ်တွင်သာ မှီခိုနေရသည်။ သို့သော် အမေရိကန်သံတမန်များသည် မြောက်ကိုရီးယားထံ ချဉ်းကပ်ရာတွင် တရုတ်အပေါ် မှီခိုနေခြင်းမရှိကြောင်း၊ ကိုယ်ပိုင် ဆက်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် တိုက်ရိုက်ပြောကြားခြင်းဖြစ်ကြောင်း တေလာဆင်က ပြောကြားခဲ့သည်။

သို့သော် ထိုဆက်သွယ်မှုများတွင် မည်သည့် အမေရိကန်များ ပါ၀င်နေကြောင်း၊ ကြိမ်ရေမည်မျှ ဆက်သွယ်ခဲ့ကြောင်းကိုမူ ၎င်းက ထုတ်ဖော်ခဲ့ခြင်း မရှိပေ။ မည်သည့်ဆွေးနွေးပွဲတွင်မဆို ကနဦး ရည်မှန်းချက်မှာ တစ်ဖက်က မည်သည့်အကြောင်းအရာကို ဆွေးနွေးလိုသည်ကို သိရှိ ခြင်းဖြစ်သည်။ သို့သော် မြောက်ကိုရီးယားတို့ဘက်မှ မည်သည့်အကြောင်းအရာကို ဆွေးနွေးလိုသည်ကို သိသည့်အဆင့်ပင် မရောက်သေးဟု တေလာဆင်က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အဲဒီအခြေအနေတောင် မရောက်သေးပါဘူး” ဟု ၎င်းက ဆိုသည်။ မြောက်ကိုရီးယားအစိုးရအရာရှိတွေ ဟာ ဆွေးနွေးဖို့အတွက် စိတ်ဝင်စားကြောင်း တစ်စုံတစ်ရာ အချက်ပြတာမရှိသလို နျူက လီးယားလက်နက်ဖျက်သိမ်းရေးအတွက် ဆွေးနွေးပွဲတွေလုပ်ဖို့ အဆင့်သင့်ဖြစ်မဖြစ် ကိုလည်း မသိရသေးပါဘူး”ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဟီသာနျူအက်က နောက်ပိုင်းတွင် ထပ်မံပြောကြားခဲ့သည်။

Source – Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။