နိုင်ငံတော်သမ္မတ ဦးထင်ကျော် ကလေးစာပေပွဲတော်၌ ပြောကြားသည့် အဖွင့်အမှာစကား

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျာ

အားလုံးသိကြတဲ့အတိုင်း စာပေထဲမှာ ကလေးစာပေဟာ အခြားစာပေတွေထက် ပိုပြီးခက်ခဲနက်နဲတယ်လို့ ခံစားမိပါတယ်။ လူကြီးစာပေဆိုတာ နယ်နိမိတ် သတ်မှတ်ချက် နည်းပါးပြီး စိတ်ရှိသလောက် လွတ်လပ်စွာ ဖန်တီးနိုင်တယ်လို့ ကျွန်တော်မြင်မိပါတယ်။ ကလေးစာပေတွေကတော့ ကလေးတွေနဲ့ ရင်းနှီးတဲ့ ပတ်ဝန်းကျင်က အကြောင်းအရာတွေကိုသာ စဉ်းစားရတယ်။ ကလေးတွေရဲ့ အသိဉာဏ်ဟာ နုနယ်ပြီး စိတ်ကူးယဉ်တတ်ကြတာမို့ ကလေးတွေရဲ့ အတွင်းစိတ်ကို ဝင်ကြည့်ပြီး အဲဒီစိတ်ကူးစိတ်သန်းတွေနဲ့ လိုက်ဖက်ညီအောင် ရေးသားဖန်တီးကြရတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ ကလေးစာပေဟာ ကျွန်တော်တို့ရဲ့ ကလေးလူငယ်တွေကို အပြစ်ကင်းအောင်၊ ပျော်ရွှင်အောင်နဲ့ ချစ်စရာ အကောင်းဆုံး လူသားတွေဖြစ်အောင် ဖန်တီးရေးဖွဲ့ကြရတဲ့ စာပေဖြစ်လို့ ကျွန်တော်တို့အတွက် အလွန် တန်ဖိုးရှိတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ကလေးစာပေ ဖွံ့ဖြိုးတိုးတက်ရေးဟာလည်း ကျွန်တော်တို့ အားလုံး အားပေး မြှင့်တင်ပေးရမယ့် စာပေအမျိုးအစား တစ်ခုလို့ တွေးမြင်ခံစားရပါတယ်။ အဲဒါကြောင့် အခုလို ကျောင်းသား/ကျောင်းသူတွေနဲ့အတူ ဒီပွဲတော်ကြီးကို တက်ရောက်အားပေးဖွင့်လှစ်ပေးရခြင်း ဖြစ်ပါတယ်။

ကြွရောက်လာကြတဲ့ ဧည့်သည်တော်များ၊ သားတို့သမီးတို့ အားလုံး

ကျွန်တော်တို့နိုင်ငံရဲ့ မြန်မာ့ကျေးလက်ပုံပြင်တွေ၊ ကျေးလက်ကဗျာတွေဟာ ကလေးစာပေအဖြစ် နှုတ်ပြောစာပေ အသွင်နဲ့ ပေါ်ပေါက်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်စဉ်က ကြား နာ ရွတ် ဆို ခဲ့ရတဲ အမေမျှော် တေးတွေ၊ သားချော့တေးတွေဟာ ကျွန်တော်တို့ ကလေးစာပေ သမိုင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အတွက် အလွန်ပင် တန်ဖိုးရှိပါတယ်လို့ ပြောလိုပါတယ်။ အဲဒီကလေးစာပေတွေကတစ်ဆင့် ကျွန်တော်တို့ကို ရိုးသားမှုတွေ၊ အားမာန်သတ္တိတွေ၊ နိုင်ငံချစ်စိတ်တွေ၊ မွေးဖွားပေးခဲ့တာ ဖြစ်တဲ့အတွက် အနာဂတ်နိုင်ငံတော်ရဲ့ သားကောင်း ရတနာတွေကို ကလေးစာပေတွေ ကလေးစာဖတ်ခန်းတွေ၊ ကလေးကဗျာတွေနဲ့အတူ ပြုစု ပျိုးထောင်ပေးကြပါလို့ အကြံပြု တိုက်တွန်းလိုပါတယ်။ ဒါ့အပြင် ကလေးတွေကို ကျောင်းသင်ခန်းစာများအပြင် စာပေဖတ်ရှု လေ့လာတတ်တဲ့ အလေ့အထတွေ ပေါ်ပေါက်လာအောင် ကျောင်းပတ်ဝန်းကျင်၊ အိမ်ပတ်ဝန်းကျင်တွေကို အသိပညာ ဆည်းပူးနိုင်တဲ့ ပတ်ဝန်းကျင်ကောင်းများ ဖြစ်အောင် ဖြည့်ဆည်း ဖန်တီးပေးကြပါလို့လည်း တိုက်တွန်း ပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ဒီနေ့ပြုလုပ်တဲ့ ကလေးစာပေ ပွဲတော်ကြီးဟာ အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းများကို ဉာဏ်ရည် ဉာဏ်သွေးနဲ့အယူအဆတွေ ထက်မြတ်လာစေဖို့ ကလေးများရဲ့ တီထွင် ဖန်တီးလိုစိတ်များ ရင့်သန်လာစေဖို့၊ ကလေးတွေစာပေနဲ့ ရင်းနှီးပြီး စာဖတ်ဝါသနာ ပါလာစေဖို့နဲ့ ကလေးများ ပျော်ရွှင်လာစေဖို့ ရည်ရွယ်ကျင်းပတဲ့ ပွဲတော်ကြီးဖြစ်တဲ့အတွက် အားလုံး ဝိုင်းဝန်း ပူးပေါင်း ကူညီကြပေးပါ။ အနာဂတ် နိုင်ငံတော်ရဲ့ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကို အထောက်အကူပြုစေမယ့် ကလေးစာပေ၊ ကလေးကဗျာ၊ ကလေး စာဖတ်ခန်းတွေ ဖွံ့ဖြိုးလာအောင် တတ်နိုင်တဲ့ ကဏ္ဍအသီးသီးကနေ အားပေးကူညီကြပါလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

Credit - MOI Webportal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။