မနေ့က သီတင်းကျွတ်လပြည့်နေ့ ဘုရားအနီး စျေးလာရောင်းတဲ့ ဘာသာခြား အစ္စလာမ်ဘာသာဝင်တစ်ဦးကို စျေးမရောင်းဖို့ သင်္ကန်းဝတ်တစ်ဦးမှ ပြန်စေလွှတ်ခဲ့တဲ့ သတင်းဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ ဒီကိစ္စကို ဗုဒ္ဓဘာသာဝင်အများစုက စိတ်မကောင်းဖြစ်ခဲ့သလို နှင်ထုတ်ခံခဲ့ရတဲ့ ဦးလေးကို လူကိုယ်တိုင် သွားရောက်တောင်းပန်ခဲ့သူများလည်း ရှိပါတယ်။

လူသိများသူတစ်ဦးဖြစ်တဲ့ ကိုမောင်မောင်အေးကလည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ့ရဲ့ facebook မှာ ယခုလိုရေးသားပြောဆိုထားပါတယ်။

"ဒီ ဦးလေး နေတဲ့နေရာဖြစ်ဖြစ် သူစျေးရောင်းနေကျနေရာဖြစ်ဖြစ် သူ့ အိမ်လိပ်စာ ဖုန်းနံပါတ် ဖြစ်ဖြစ် သိတဲ့သူများ ကျေးဇူးပြုပြီး ကျွန်တော့်ကို အသိပေး အကြောင်းကြားစေလိုပါတယ်.....

သူနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ငွေသားတစ်သိန်းကျပ် ကန်တော့ရင်း သေသေချာချာ တောင်းပန်ချင်ပါတယ်....

မြန်မာ့မြေမှာမွေးတဲ့ မြန်မာနိုင်ငံသားအချင်းချင်း ( လူယုတ် တချို့မှလွဲ၍ ) အမြဲတမ်း တသားတည်း အပြန်အလှန် ချစ်ခင်စွာ ရှိကြပါတယ်ဆိုတာ သူ့ကို သေသေချာချာလေး အမြဲ သိနေစေချင်လို့ပါ......

ကိုယ်တိုင်လည်း အခုထက်ထိ မိဘနှစ်ပါးကို လိုလေသေးမရှိ စိတ်ချမ်းသာစွာ အတတ်နိုင်ဆုံး ပြုစုစောင့်ရှောက်နေသလို အခုလို ကိုယ့်မိဘအရွယ် ကိုယ့်နိုင်ငံသားတယောက် အကြောင်းမဲ့ နိုင့်ထက်စီးနင်း အပြုခံနေရတဲ့ ညှိုးငယ်သောမျက်နှာလေးကို ဘယ်လိုမှ မခံစားနိုင်ပါ......

တချို့ပြောအရ ဒီဖြစ်ရပ်ဟာ မနှစ်ကဖြစ်ခဲ့တာပါဆိုရင်တောင် ကျွန်တော့်အတွက် အခုဖြစ်နေသလို ခံစားရသလို သူ့အနေနဲ့လည်း စိတ်ဒဏ်ရာတွေ အများကြီးကျန်နေနိုင်တဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ တွေ့ချင် တောင်းပန်ချင်ပါတယ်......" လို့ ရေးသားထားပါတယ်။ 

Source: Mg Mg Aye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။