၂၀၁၇ ခုနှစ် အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ကို နျူးကလီးယားလက်နက်ဖျက်သိမ်းရေး ကြိုးပမ်းတဲ့ ICAN အဖွဲ့ (International Campaign to Abolish Nuclear Weapons) ကို သောကြာနေ့က ပေးအပ်ချီးမြှင့်လိုက်ပါတယ်။ နိုဘယ်လ်ဆုပေးအပ်ချီးမြှင့်ရေးကော်မတီက ဂျနီဗာမှာ အခြေစိုက်တဲ့ အဆိုပါ အဖွဲ့ကို ဂုဏ်ပြုခဲ့ပါတယ်။

ပေးအပ်ချီးမြှင့်ရတဲ့ အကြောင်းကတော့ ICAN အဖွဲ့အနေနဲ့ နျူးကလီးယားလက်နက် အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာတဲ့ ထိတ်လန့်ဖွယ် ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးဆက်တွေကို လူတွေ ပိုမိုသိရှိအောင်စွမ်းဆောင်ခဲ့ပြီး အဆိုပါ နျူးကလီးယားလက်နက်များ ကို တားမြစ်ဖို့ စာချုပ်များချုပ်ဆိုနိုင်အောင် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့လို့ဖြစ်တယ်လို့သိရပါတယ်။

ICAN အဖွဲ့ဟာ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာတစ်လွှား နိုင်ငံပေါင်း ၁၀၀ ကျော်မှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။ နိုဘယ်လ်ဆုပေးအပ်ချီးမြှင့်ရေးကော်မတီက ပြောဆိုရာမှာ ICAN အဖွဲ့အနေနဲ့ နျူးကလီးယားလက်နက် ကင်းစင်တဲ့ ကမ္ဘာကြီးဖြစ်ဖို့ လမ်းကြောင်းသစ်တွေ၊ ခွန်အားသစ်တွေဆီကို လမ်းညွှန်ပေးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုကိုတော့ ကိုလံဘီယာ သမ္မတ Juan Manuel Santos ကို တိုင်းပြည်ရဲ့ နှစ် ၅၀ ကျော်ကြာ ပြည်တွင်းစစ်ကို ရပ်တန့်အောင်လုပ်ဆောင်နိုင်ခဲ့ပြီး အစိုးရ နဲ့ FARC ပြောက်ကျားသူပုန်အဖွဲ့တွေ အကြား ဆွေးနွေးမှုတွေ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

Source: NBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။