လမ်းလျှောက်ထွက်လာသည့် ရခိုင်အမျိုးသား(၃)ဦးအား အမည်မသိလူတစုမှ သံပိုက်တုတ်များဖြင့်် ဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။မန္တလေး အောင်မြေသာစံမြို့နယ်၊ ၆၆လမ်း၊ ၂၄လမ်းနှင့်၂၆လမ်းကြား၊ ကျုံးဘေးပလက်ဖောင်းပေါ်တွင် အောက်တိုဘာ(၆)ရက် ည(၁၁)နာရီခွဲအချိန်ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

“အရိုက်ခံရတဲ့သူတွေကိုတော့ မေးမြန်းပြီးသွားပြီ။ ပြစ်မှုကျုးလွန်တဲ့သူတွေကိုလည်း နယ်ထိန်းအဖွဲ့ တွေနဲ့အတူ အခြားရဲစခန်းတွေနဲ့ဆက်သွယ်ပြီး စုံစမ်းဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်” ဟု မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမျိုးအောင်က ပြောခဲ့ပါတယ်။ယင်းသို့ရိုက်နှက်မှုကြောင့် ဦးထွန်းထွန်းဦးတွင် ဝဲဘက်မျက်နှာဖူးယောင်နာကျင်ဒဏ်ရာ၊ ဝဲမျက်လုံး နာကျင်ဒဏ်ရာများရရှိပြီး ဦးဟန်သန်းတွင် ဝဲတံတောင်ပွန်းပဲ့နာကျင်ဒဏ်ရာနှင့် အောင်နိုင်လင်းတွင် ဦးခေါင်းဝဲချိုစောင်းပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ဝဲပါးဖူးယောင်ဒဏ်ရာများရရှိခဲ့သည့်အတွက် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ကုသစဉ် ယင်းတို့အနက် အောင်နိုင်လင်းမှာရရှိသောဒဏ်ရာ များဖြင့် သေဆုံးသွားခဲ့ကြောင်းသိရပါတယ်။

ထွန်းထွန်းဦး အသက်(၂၇)နှစ်၊ (ဘ)ဦးစော စိန်အောင်၊ ရခိုင်/ဗုဒ္ဓ၊ မဟာဇေယျာဘုံရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသည် ဆောက်လုပ်ဆဲ အဆောက်အအုံမှလုပ်ငန်းသိမ်း၍ အလုပ်အတူတူလုပ်ကိုင်ကာ အတူနေထိုင်ကြသည့် သူငယ်ချင်းများဖြစ်သော အောင်နိုင်လင်း အသက်(၂၁)နှစ်၊ (ဘ)ဦးအောင်ဝင်းစိန်၊ ရခိုင်/ဗုဒ္ဓ၊ မဟာဇေယျာဘုံ ရပ်ကွက်၊ အောင်မြေသာစံမြို့နယ်၊ ဦးဟန်သန်း အသက်(၅၂)နှစ်၊(ဘ)ဦးမောင်မြတ်ထွန်း၊ ရခိုင်/ဗုဒ္ဓ၊ မဟာဇေယျာဘုံရပ်ကွက်၊ အောင်မြေ သာစံမြို့နယ်တို့နှင့်အတူ ကျုံးဘေးသို့လမ်းလျှောက်ထွက်လာခဲ့ပြီး ၆၆ လမ်း၊ ၂၄လမ်းနှင့်၂၆လမ်းကြား အရောက်တွင် ကျုံးဘေးပလက်ဖောင်း၌ သုံးယောက်ထိုင်၍ အရက်သောက်ရင်းစကားပြောနေစဉ် (၁၁)နာရီခွဲအချိန်ခန့်တွင် ဆိုင်ကယ်(၁၀)စီးခန့်အား စီးနင်းလာသည့် အမည်မသိအမျိုးသား(၁၃)ဦးခန့် မှာအနီးသို့ရောက်ရှိလာကာ ဘာမှမပြောဆိုဘဲအသင့်ယူ ဆောင်လာသောသံပိုက်တုတ်များဖြင့်ဝိုင်းဝန်း ရိုက်နှက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လူအုပ်စုဖြင့် ဝိုင်းဝန်းရိုက်နှပ်သွားသူများအား စုံစမ်းဖော်ထုတ်နိုင်ရေး အတွက် အမှတ်(၁)နယ်မြေရဲစခန်းမှ (ပ)၆၂၆/၂၀၁၇၊ ပြစ်မှုပုဒ်မ-၃၀၂၊၃၂၃၊၁၁၄တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

သတင်းအရင်းအမြစ်-News Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။