ပြီးခဲ့သည့် အောက်တိုဘာ ရ နံနက်၂ နာရီခွဲတွင် ရေဦးမြို့နယ် စာပေဟောပြောပွဲမှ မန္တလေးမြို့သို့ ပြန်လာသော စာရေးဆရာ ညီမင်းညို စီးလာသည့် 6I/5037 TOYOTA Wish အဖြူရောင်ယာဉ်သည် မုံရွာ-မန္တလေး ကားလမ်း စစ်ကိုင်းမြို့နယ် ကျောက်ဆည်ရွာထိပ်နှင့် ကံတလူတိုးဂိတ်ကြား အရောက်တွင် လူနှစ်ဦးက ခဲဖြင့်ပစ်ပေါက်ခဲ့သောကြောင့် ကားမှန်ကွဲကာ မှန်စများထိမှန်၍ ဆရာညီမင်းညို၏မျက်နှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုဖြစ်စဉ်ကို ဆရာညီမင်းညိုက Facebookပေါ်တွင် အစုံအလင်တင်ထားခဲ့ပါတယ်။ ဆရာညီမင်းညိုက “ ၆/၁၀/၂၀၁၇ မနေ့ကည ၂:၃၀ နာရီ ကျော်ကျော်ခန့် ရေဦးဘက်မှ မန္တလေး အပြန်ခရီး ကံတလူ တိုးဂိတ်နား မရောက်ခင်ကျောက်ဆည်ရွာထိပ်မှာကျွန်တော်တို့ကား ခဲနဲ့ ထုခံရ (လူနှစ်ယောက် ထွက်ပြေး) တိုးဂိတ်အကျော် ရဲကင်းမှာရဲကင်းမှုးကို ဖြစ်စဉ် တိုင်ကြားခဲ့။ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနဲ့ တစ်ယောက်ချင်းစီ အကြောင်းမပြန်ကြားနိုင်ခြင်းအပေါ် နားလည် ခွင့်လွှတ်ပေးပါရန် ပန်ကြားလိုပါကြောင်း။ ဒဏ်ရာရသော်လည်း စိုးရိမ်ဖွယ်ရာ မရှိပါကြောင်း။” ဟုရေးသားတင်ခဲ့ပါတယ်။ 

ယခုအခါ စာရေးဆရာ ညီမင်းညို စီးလာသောကားအား ခဲဖြင့်ပေါက်သူ နှစ်ဦးအနက် တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၈ ရက်တွင် စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ ကားအား ခဲဖြင့်ပစ်ပေါက်သူ အောင်ဆန်းထွန်း (ခ) အောင်ခန့်ကျော် (၁၉ နှစ်) (ဘ) ဦးဟန်ထွန်း စစ်ကိုင်းမြို့နယ် အောင်သာကျေးရွာနှင့် ချမ်းမြေ့အောင် (၁၉ နှစ်) (ဘ)ဦးဝင်းဘို စစ်ကိုင်းမြို့နယ် အောင်သာကျေးရွာတို့ ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ သို့သော် အောင်ဆန်းထွန်း (ခ) အောင်ခန့်ကျော် တစ်ဦးကိုသာ ဖမ်းဆီးရမိထားကာ ချမ်းမြေ့အောင်မှာ ထွက်ပြေးတိမ်းရှောင် နေသဖြင့် ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။ စာရေးဆရာ ညီမင်းညို စီးနင်းလာသောကားအား ခဲဖြင့်ထုခဲ့သူ နှစ်ဦးအား စစ်ကိုင်းမြို့မရဲစခန်းတွင် (ပ)၈၅၇/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၆၊ ၃၃၈၊ ၃၀၇၊ ၄၂၇ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Source - စာရေးဆရာညီမင်းညို Facebook ၊ Eleven 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။