ကလေးတွေရဲ့ အပြုအမှုတွေနဲ့ မိဘတွေရဲ့ မှားယွင်းသော ဆုံးမမှုတွေက အရမ်းကို ရှုပ်ထွေး ဖြစ်ပေါ်နေတဲ့ ကိစ္စ တစ်ခုပါပဲ။ မိသားစု တော်တော်များများမှာ ကြုံနေရတဲ့ ပြသနာ တစ်ခုဆို မမှားပါဘူး။ မိဘတွေဘက်က ကြည့်ရင် သူတို့မှန်တယ်ပဲ ယူဆကြပေမဲ့ ကလေးတွေရဲ့ နေရာမှာ ၀င်ကြည့်ပြီး ကလေးအတွေးနဲ့ တွေးပေးဖို့လည်း လိုအပ်ပါတယ်။ ဒါ့ကြောင့် ကလေးနဲ့ မိဘတွေကြား မဖြစ်မနေ ဆင်ခြင်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကလေးတွေက ဒီလို ပြုမှုနေပြီဆိုရင် ဘယ်လို ဆုံးမ ရမလဲ … ဆိုတာကိုလည်း သိစေရန်အတွက် ရည်ရွယ်ပြီး ရေးသားဖော်ပြလိုက်ပါတယ်။

(၁) ကလေးက ရိုင်းပြနေပြီဆိုရင်

မိဘရဲ့ အပြုအမူတွေကနေ သင်ယူနေမိလို့ပါပဲ။ ဒါမှမဟုတ်ရင် ပတ်ဝန်းကျင် (သို့မဟုတ်) အတူနေ မိသားစု (သို့မဟုတ်) ကလေးနဲ့ ပေါင်းသင်းနေထိုင်တဲ့ သူတွေ ဆီကနေ အပြုအမူ အမှားတွေကို သင်ယူနေမိလို့ပဲ ဖြစ်ပါတယ်။ ကလေးတွေက အပြစ်မတင်ဘဲ ပတ်ဝန်းကျင် ကို ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။

(၂) ကလေးက အားငယ် သိမ်ငယ်တတ်တယ်ဆိုရင်

ကလေးကို အားပေးတာထက် အကြံပေးတာတွေကို လိုအပ်တာထက် ပိုလုပ်မိနေလို့ပဲ ဖြစ်ပါတယ်။ ကလေးတွေကို မလိုအပ်ပဲ ဝေဖန် အကြံမပေးပါနဲ့။ ဒါ့က သင့်အတွက်ရော ကလေးအတွက်ရော အကျိုး ရှိပါလိမ့်မယ်။

(၃) ကလေးက တခြားသူရဲ့ ခံစားချက်ကို နားမလည်ဘူး၊ ကိုယ်ချင်း မစာတတ်ဘူးဆိုရင်

ကလေးကို အမြဲတမ်း အမိန့်ဆန်ဆန် ခိုင်းစေခဲ့လို့ပါပဲ။ သူတို့လေးတွေရဲ့ ခံစားချက်ကို အလေးမထားဘဲ အမိန့်ပေး ခိုင်းခဲ့မိလို့ပဲ ဖြစ်ပါတယ်။

(၄) ကလေးက လိမ်ညာတတ်နေပြီ ဆိုရင်

ကလေးတွေအပေါ် သွန်သင်ဆုံးမမှုမှာ အသေးအဖွဲ့ကို အကြီးအမားလုပ်ပြီး ဆူငေါက် ရိုက်နှက်ခဲ့လို့ပါပဲ။ ဒါ့ကြောင့် ကလေးက အကြောက်လွန်ပြီး လိမ်ညာ တတ်သွားတာပဲ ဖြစ်ပါတယ်။

(၅) ကလေးတွေက သူများပစ္စည်းတွေကို လိုက်ယူနေတတ်တယ်ဆိုရင်

တကယ်လို့ သင်ရဲ့ ကလေးကို လိုချင်တဲ့ ပစ္စည်းတွေ ၀ယ်ပေးနေပေမဲ့လည်း သူတို့လေးတွေက သူများ ပစ္စည်းတွေကို လိုက်ယူနေတတ်တယ်ဆိုရင် သူတို့အတွက် ရွေးချယ်မှုတွေ မပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ ပစ္စည်း ၀ယ်ပေးတာထက် သူတို့ ကြိုက်တဲ့ ပစ္စည်း၊ သူတို့ လိုချင်တာလေးတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးလိုက်ပါ။

(၆) ကလေးက စိတ်တိုလွယ်နေတယ် ဆိုရင်

အကြောင်းရင်းကတော့ မိဘတွေက ကိုယ့်သားသမီးကို မချီးကျူးပေးမိလို့ပါပဲ။ ကလေးတွေဟာ မိဘရဲ့ အာရုံစိုက်မှု ရဖို့ အတွက် လွဲမှားစွာနဲ့ ပြုမူမိနေတာမျိုးပဲ ဖြစ်ပါတယ်။

(၇) ကလေးက မနာလို အူတိုတတ်တယ်ဆိုရင်

ကလေးကို အမြဲတမ်း တခြားသူတွေနဲ့ လိုက်ပြီး နှိုင်းယှဉ် ဆုံးမ မိလို့ပဲ ဖြစ်ပါတယ်။ ဒီလို ဆုံးမခြင်းက ကလေးအတွက်လည်း ကောင်းကျိုး မရှိသလို သင့်ရဲ့ ဆိုဆုံးမမှုကလည်း အရေးပါမှာ မဟုတ်ပါဘူး။ ဒါကိုလည်း မဖြစ်မနေ သိထားသင့်ပါတယ်။ အားကျအောင် တစ်ဖက်လှည့်နဲ့ ပြောပြခြင်းက ပို ထိရောက်နိုင်ပါတယ်။

(၈) ကလေးက လူရှေ့သူရှေ့ ရောက်တိုင်း မဝံ့မရဲ ဖြစ်နေတယ်ဆိုရင်

ကလေးက လူရှေ့ရောက်ပြီဆိုရင် ကိုယ့်ကိုယ် ကိုယ် မဝံ့မရဲ ဖြစ်နေတယ်ဆိုရင် ကလေးကို လူရှေ့ သူရှေ့မှာ အမြဲတမ်းနီးပါး ဆူငေါက် ပြောဆို မိလို့ပါပဲ။ ဒါမျိုးကို တခြားသော ဆွေမျိုး၊ သားသမီးတွေ ရှေ့မှာလည်း မလုပ်သင့်ပါဘူး။

(၉) ကလေးက ခံစားချက်တွေကို မြံုထားပြီး လျှို့ဝှက်တတ်နေပြီဆိုရင်

ကလေးတွေက ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံလေ့မရှိဘဲ ခံစားချက်တွေကို မြံုထားပြီး လျှို့ဝှက်တတ်နေပြီ ဆိုရင်တော့ ကလေးတွေအပေါ် အရမ်းကို ဆူဟောက်လွန်းနေမိလို့ပါပဲ။

သာယာလှပသော မိသားစုု ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင် ….

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။