မှဲ့ဆိုတာ အရေပြားပေါ်မှာ ပေါက်လေ့ရှိပြီး လူအများစုမှာ မှဲ့ ၁၀ လုံးနဲ့ ၄၀ကြား ရှိတတ်ပါတယ်။ လူတစ်ယောက်မှာ ယေဘုယျ အားဖြင့် အသက် ၄၀ အထိ တိုင်အောင် မှဲ့သစ်တွေ ပေါက်လာလေ့ရှိပါတယ်။ 

မှဲ့တွေက များသောအားဖြင့် ပန်းရောင်၊ အညိုရောင်နဲ့ ကြေးနီရောင်တွေ ဖြစ်လေ့ရှိပြီး အဝိုင်း၊ ဘဲဥပုံ၊ ခပ်ပြားပြား စတဲ့ ပုံစံတွေကို တွေ့ရကာ ခဲတံထိပ်က ခဲဖျက်ထက် ပိုမကြီးပါဘူး။ လူ ၁၀ ဦးမှာ တစ်ဦး နီးပါးဟာ ပုံမှန်မှဲ့နဲ့ မတူတဲ့ ထူးဆန်းတဲ့ မှဲ့တစ်လုံးတော့ ရှိတတ်ပါတယ်။

အဲဒီမှဲ့တွေဟာ ကင်ဆာ အသွင်ပြောင်းသွားနိုင်ပါတယ်။ မှဲ့ကင်ဆာဟာ အရေပြားရောဂါရဲ့ အပြင်းထန်ဆုံး ကင်ဆာ အမျိုးအစားဖြစ်ပြီး မှဲ့ကင်ဆာရဲ့ ပထမဆုံး လက္ခဏာ အနေနဲ့ အရွယ်အစား ပြောင်းလဲခြင်း၊ ပုံသဏ္ဍာန် ပြောင်းလဲခြင်းနဲ့ အရောင် ပြောင်းလဲခြင်း စတာတွေ ဖြစ်ပေါ်တတ်ပါတယ်။ မှဲ့ကင်ဆာကို စောစောတွေ့ရှိပါက ပျောက်ကင်းနိုင်ပါတယ်။ မှဲ့ကင်ဆာကို အစောပိုင်းအဆင့်မှာ မကုသခဲ့ရင် အရေပြား မျက်နှာပြင် အောက်အထိ ပျံ့နှံ့သွားပြီး ကျန်းမာတဲ့ အရေပြား တွေကိုပါ ထိခိုက် စေနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေ ဆီကို ပျံ့နှံ့သွားရင်တော့ ကုသဖို့ ခက်ခဲပါတယ်။

မှဲ့ကင်ဆာ ဆိုသည်မှာ

မှဲ့ကင်ဆာဆိုတာ အရေပြား ကင်ဆာတစ်မျိုးပါ။ မယ်လနိုဆိုက်လို့ ခေါ်တဲ့ အရေပြား ဆဲလ်တွေထဲမှာ စတင် ဖြစ်ပေါ်ပါတယ်။ မယ်လာနိုဆိုက် ဆိုတာ အရေပြားမှာ အရောင်ဖြစ်စေတဲ့ ဒြပ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဟာ ဆဲလ်အများကြီးနဲ့ ဖွဲ့စည်းထားပြီး ပုံမှန်အားဖြင့် ဆဲလ်တွေဟာ ကြီးထွားကြတယ်၊ ကွဲကြတယ်၊ သေဆုံးကြပါတယ်။ တစ်ခါတစ်ရံမှာ ဆဲလ်တွေဟာ ပြောင်းလဲပြီး ပုံမှန်ဆဲလ်တွေထက် မြန်မြန် ကွဲတတ်ပါတယ်။ အဲဒီ ပုံမမှန် ဆဲလ်တွေက သေဆုံးမယ့် အစား အကျိတ်အဖြစ် စုပုံသွားပါတယ်။ ဒီအကျိတ်ဟာ ကင်ဆာဆဲလ် အဖြစ် အသွင်ပြောင်းကာ ခန္ဓာကိုယ်ရဲ့ ကျန်းမာနေတဲ့ တစ်သျှူးတွေထဲ ကျူးကျော် တိုက်ခိုက်ပါတယ်။ ဒီအကျိတ် တွေထဲက ကင်ဆာဆဲလ် တွေဟာ ပျံ့နှံ့ သွားနိုင်ပါတယ်။ ဒါကြောင့် ဒီအကျိတ်ကို မပျံ့နှံ့ခင်မှာ စောစောစီးစီး တွေ့ရှိဖို့ အရေးကြီးပါတယ်။

မှဲ့ကင်ဆာ ဖြစ်နိုင်ခြေများသော အကြောင်းရင်းများ

ဘယ်သူမဆို မှဲ့ကင်ဆာဖြစ်နိုင်ပေမယ့် တချို့သူတွေက ဖြစ်နိုင်ခြေ ပိုများပါတယ်။ အောက်ပါ မေးခွန်းတွေ အနက် “Yes” ဆိုတဲ့ အဖြေ ပါ၀င်ခဲ့ရင် သင့်အနေနဲ့ ပိုပြီး ဖြစ်နိုင်ခြေ ရှိနေပါတယ်။- သင့်မိသားစုဝင် တစ်ဦးမှာ မှဲ့ကင်ဆာ ဒါမှမဟုတ် အရေပြားရောင် ခြယ်ဆဲလ်က ဖြစ်တဲ့ ကင်ဆာ အကျိတ် ဖြစ်ဖူးသလား။ - သင့်မှာ ခဲတံခဲဖျက် အရွယ်ထက်ကြီးတဲ့ မှဲ့များစွာ ရှိသလား။- သင့်ခန္ဓာကိုယ်မှာ မှဲ့ စုစုပေါင်း ၅၀ကျော် ရှိသလား။- သင်ကလေး ဘဝတုန်းက အရည်ကြည်ဖု ဖြစ်လောက်အောင် ဆိုးဆိုးရွားရွား နေလောင်ဖူးသလား။

မှဲ့ကင်ဆာ ရှိ၊ မရှိ၊ စစ်ဆေးသင့်သော အချက်များ

သင့်အရေပြားပေါ်က မှဲ့တွေကို စစ်ဆေးတဲ့အခါ ABCDE ဆိုတဲ့ စကားလုံး အတိုင်း စစ်ဆေးပြီး ကိုက်ညီနေရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

A - Asymmetry - မှဲ့ အချိုး မညီခြင်း

မှဲ့တစ်လုံးကို ထက်ဝက် ခြမ်းလိုက်တဲ့အခါ မှဲ့တစ်ခြမ်းစီချင်း မတူညီတာကို မှဲ့အချိုး မညီဘူးလို့ ဆိုပါတယ်။

B - Border - မှဲ့၏ နယ်နိမိတ်

မှဲ့ရဲ့ အစွန်းတွေဟာ ထင်ရှားကြည့်လင်ပြတ်သားမှု မရှိဘဲ မှုန်မှုန်ဝါးဝါး ဖြစ်နေတာမျိုးပါ။

C - Color - မှဲ့ အရောင်

မှဲ့အရောင် ရင့်သွားခြင်း၊ အရောင်ဘေးကို ပြန့်သွားခြင်း၊ မှဲ့အရောင်ပျောက်သွားခြင်းနဲ့ အပြာ၊ အနီ၊ အဖြူ ၊ ပန်းရောင်၊ ခရမ်းရောင်နဲ့ အညိုမှိုင်းရောင်စတဲ့ အရောက်တွေ ပေါ်လာခြင်းတို့ပဲ ဖြစ်ပါတယ်။

D- Deameter - မှဲ့၏အချင်း

အချင်းတစ်လက်မရဲ့ လေးပုံတစ်ပုံ ထက်ပိုကြီးလာတာပဲ ဖြစ်ပါတယ်။

E - Elevation - အရေပြား မျက်နှာပြင်ထက် မြင့်တက်နေခြင်း

မှဲ့ဟာ အရေပြား မျက်နှာပြင်ထက် မြင့်နေပြီး ကြမ်းတမ်းတဲ့ မျက်နှာပြင် ရှိနေတာမျိုးပါ။ အရေပြားရဲ့ အောက်ပါ ပြောင်းလဲမှုတွေကိုလည်း စောင့်ကြည့်သင့်ပါတယ်။ - မှဲ့က မြန်မြန် ကြီးထွားလာနေသလား၊- အရေပြားပေါ်မှာ အကြေးခွံလို အဖုကြီး ရှိနေသလား၊- မပျောက်နိုင်တဲ့ အနာ ရှိနေသလား၊- မှဲ့က ယားယံ နေသလား၊- အရေပြားမှာ ကြမ်းတမ်းတဲ့ အစိတ်အပိုင်း ရှိနေသလား၊ သင့်ခန္ဓာကိုယ်ပေါ်မှာ ပုန်းကွယ်နေတဲ့ မှဲ့တွေ ရှိနေသလား ဆိုတာကိုလည်း သတိထားပါ။ လက်ချောင်း၊ ခြေချောင်း တွေကြား၊ ဦးရေပြားထဲ၊ လက်သည်းခွံအောက် စတဲ့ နေရာတွေမှာ မှဲ့တွေ ရှိနေပါက အဲဒီ နေရာက မှဲ့တွေ ပြောင်းလဲသွားသလား၊ တခြားမှဲ့တွေနဲ့ မတူတဲ့ မှဲ့အသစ်တွေ ရှိနေသလား စစ်ဆေးပြီး သံသယ ရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပါ။

မှဲ့ကင်ဆာ မဖြစ်အောင် ကာကွယ်ခြင်း

မှဲ့ကင်ဆာနဲ့ အရေပြားရောင်ခြယ် ဆဲလ်ကဖြစ်တဲ့ ကင်ဆာ မဖြစ်အောင် ကာကွယ်သင့်တဲ့ အရေးကြီးဆုံး နည်းလမ်းကတော့ နေရောင်ခြည်ဒဏ် မခံရအောင် ရှောင်ရှားဖို့ပဲ ဖြစ်ပါတယ်။

နံနက် ၁၀နာရီနဲ့ ညနေ ၄ နာရီကြား နေရောင်ခြည်ဟာ အပြင်းထန်ဆုံး ဖြစ်တာကြောင့် ရှောင်ပါ။

အိမ်အပြင်မှာ ရှိနေစဉ် တတ်နိုင်သမျှ အရိပ်ရတဲ့ နေရာမှာ နေပါ။

မျက်နှာ၊ ပခုံးနဲ့ နားရွက် တွေကိုပါ ကာကွယ်နိုင်အောင် အနားကျယ်တဲ့ ဦးထုပ်ကို ဆောင်းပါ။

အနည်းဆုံး နေရောင် ကာကွယ် နိုင်စွမ်း SPF ၁၅ ဆပါတဲ့ နေရောင်ကာခရမ်ကို အပြင်မသွားခင် ၁၅ မိနစ် ကြိုပြီးလိမ်းပါ။ အချိန် ၂ နာရီ၊ ၃ နာရီကြာတိုင်း တစ်ကြိမ် ထပ်လိမ်းပေးပါ။

ဘယ်တော့မှ ကြာကြာ နေပူဆာ မလှုံပါနဲ့။ အသားညိုအောင် နေပူမခံပါနဲ့။

ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တဲ့ နေကာမျက်မှန် တပ်ဆင်ပေးပါ။

Source - thutakabar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။