ကလီယိုပါထရားသည် (Cleopatra) ရှေးခေတ်ကမ္ဘာ့သမိုင်းတွင် ထင်ရှားခဲ့သော အီဂျစ်ဘုရင်မဖြစ်သည်။ ထူးခြားစွာလှပသော အဆင်းအင်္ဂါပြည့်စုံသည့်ဘုရင်မဖြစ်သဖြင့်ထိုခေတ်ကအထူးချွန်ဆုံး ဘုရင်နှစ်ပါးအား သူ၏ ရူပါရုံကျော့ကွင်းသို့ သက်ဆင်းစေ၍ သူစေသမျှက်ို တသဝေမတိမ်း ပြုလုပ်ပေးကြရသော အခြေသို့ရောက်အောင် စွမ်းဆောင်နိုင်ခဲ့လေသည်။ ထို့ကြောင့် ကလီယိုပါထရားကို နိုင်းမြစ် ဒေသမြွေဟောက်မ-ဟူ၍ ခေါ်ကြလေသည်။

ကလီယိုပါထရားမှာ အီဂျစ်သွေးမပါ။ မက်ဆီဒိုနီးယန်းနှင့် ဂရိသွေးနှောသည့် အဆက်အနွယ်ဝင် ဘုရင်မဖြစ်သည်။ သူသည် အီဂျစ်နိုင်ငံကို အုပ်စိုးခဲ့သော ၁၁-ဆက်မြောက် တော်လမီ ဘုရင်ကြီး၏ သမီးတော်ဖြစ်သည်။ ဘီစီ ၅၁-ခုနှစ်တွင် ခမည်းတော်ဘုရင်ကြီး ကံကုန်သောအခါ ၁၇-နှစ်အရွယ်ရှိ သမီးတော် ကလီယိုပါထရားနှင့် ၁၀-နှစ်အရွယ်ရှိ သားတော် ၁၂-ဆက်မြောက် တော်လမီမင်းသားတို့သည် အီဂျစ်နိုင်ငံကို တွဲဖက်၍ အုပ်စိုးခဲ့ကြသည်။ ခမည်းတော်ဘုရင်ကြီး နတ်ရွာစံ၍ သုံးနှစ်အကြာ မောင်တော်ဘုရင်ငယ်နှင့် အပေါင်းပါတို့သည် ကလီယိုပါထရားကို နန်းချ၍ တိုက်ထုတ်လိုက်ကြသည်။

ထိုအချိန်တွင် ရောမဗိုလ်ချုပ်ကြီး ဂျူးလယပ်ဆီဇာသည် ပွန်ပီကို လိုက်လံတိုက်ခိုက်လျက် အီဂျစ်နိုင်ငံ အယ်လယ်ဇန္ဒြီးယားမြို့သို့ ရောက်ရှိလာခိုက်ဖြစ်သည်။ ထိုအခါ ကလီယိုပါထရားသည် မိမိ၏ ကိုယ်ကို ကော်ဇောတွင်ထည့်၍ လိပ်စေပြီးနောက် ဆီဇာဘုရင်၏ရှေ ့မှောက်သို့ ရောက်အောင် ၀င်လေသည်။

ထိုစဉ်က အသက် ၂၀-ခန့်သာရှိသေး၍ အလှသွေးတက်ကြွနေသော ကလီယိုပါထရားက ထီးနန်းပြန်ရရေးအတွက် ကူညီဖေးမရန် ဆီဇာဘုရင်ကို ဖြားယောင်းတောင်းပန်လေသည်။ စစ်သားပီပီ တည်တည်ကြီးနေလေ့ရှိသော ၅၂-နှစ်အရွယ် ဆီဇာဘုရင်ကြီးသည် အလှဘုရင်မ ကလီယိုပါထရား၏ ညွတ်ကွင်းမှလွတ်အောင် မရှောင်တိမ်းနိုင်ဘဲ အလှဘုရင်မ၏ လိုအင်ဆန္ဒဟူသမျှကို ဆောင်ရွက်ပေးရလေတော့သည်။

ဆီဇာသည် ကလီယိုပါထရားအား အီဂျစ်နိုင်ငံ၏ တဦးတည်းသော ဘုရင်မအဖြစ် ပြန်လည်ရရှိအောင် ရန်သူများကို တိုက်ခိုက်သုတ်သင်ပေးသည်။ ကလီယိုပါထရားသည် ှဆီဇာဘုရင်ကြီးနှင့် ပေါင်းသင်း၍ ဆီဇာရွန်းအမည်ရှိ သားတယောက်ရရှိ၏။ ဘီစီ ၄၆-တွင် ဆီဇာ ရောမသို့ပြန်သွားသောအခါ ကလီယိုပါထရားလည်း လိုက်ပါသွားသည်။ ဘီစီ ၄၄-တွင် ဆီဇာလုပ်ကြံခံရပြီးနောက် ကလီယိုပါထရားသည် အီဂျစ်နိုင်ငံသို့ ပြန်လာခဲ့သည်။

ကလီယိုပါထရား၏ ရူပါရုံကျော့ကွင်းသို့ ဒုတိယသက်ဆင်းလာသော ရောမအာဇာနည်ကြီးမှာ မတ်အန်တိုနီ ဖြစ်သည်။ မတ်အန်တိုနီသည် ရန်သူများတို နှိမ်နင်းတိုက်ခိုက်လျက် အရှေ့ဘက်နိုင်ငံများသို့ ရောက်လာသည်။ တားဆပ်မြို့သို့ရောက်လာသောအခါ ကလီယိုပါထရားအား ရန်သူအားပေးသူအဖြစ် စွပ်စွဲ၍ ထိုအကြောင်းကို ရှင်းလင်းချေပရန် ဆင့်ခေါ်လေသည်။

ကလီယိုပါထရားသည် ဗီးနပ်နတ်သမီးကဲ့သို့ လှပစွာဝတ်ဆင်ပြီးလျှင် မတ်အန်တိုနီထံသို့ ၀င်ရောက်လေသည်။ ကလီယိုပါထရား၏ အလှဒဏ်ကို မခံနိုင်ရှာသော မတ်အန်တိုနီသည် အပြစ်သဘောဖြင့် စစ်ဆေးရန်ကိုပင် မေ့ပျောက်လျက် အယ်လယ်ဇန္ဒြီးယားမြို့အရောက် ကလီယိုပါထရား၏နောက်သို့ လိုက်ပါသွားလေတော့သည်။

အန်တိုနီဘုရင်ကြီးသည် ကလီယိုပါထရားနှင့် အတူ အယ်လယ်ဇန္ဒြီးယားမြို့တွင် တနှစ်ခန့် ပျော်ရွှင်စွာနေထိုင်ပြီးနောက် ရောမမြို့သို့ ပြန်သွားလေသည်။ အန်တိုနီသည် တွဲဖက်အုပ်ချုပ်သူ အော့တေးဗီးယန်းနှင့် ပိုမိုစည်းလုံးမိစေရန် အော့တေးဗီးယန်း၏နှမနှင့် လက်ဆက်လိုက်သည်။ ကလီယိုပါထရားမှာ မတ်အန်တိုနီနှင့် ပေါင်းသင်းရရှိလာသော အမြွှာမောင်နှမကို မွေးဖွားခဲ့၏။ အန်တိုနီသည် လေးနှစ်ခန့်အကြာ၌ အီဂျစ်နိုင်ငံသို့ ပြန်လာ၍ ကလီယိုပါထရားနှင့်ပျော်ပါးနေပြီး ရောမနိုင်ငံတော်၏ အရေးကို မေ့လျော့၍ နေတော့သည်။

အော့တေးဗီးယန်းသည် နှမတော်အား စွန့်ပစ်သွားသည့် အန်တိုနီကို လက်စားချေလို၍ တကြောင်း၊ ဆီဇာရွန်း၏ ရန်စွယ်ကို ကြိုတင်ကာကွယ်လိုသည်ကတကြောင်းတို့ကြောင့် မတ်အန်တိုနီအပေါ် စစ်ကြေညာသည်။ ဘီစီ ၃၁-တွင် အက်ရှမ်ရေကြောင်းတိုက်ပွဲ၌ အန်တိုနီနှင့် ကလီယိုပါထရားတို့၏တပ်များကို အနိုင်ရရှိလေသည်။ ကလီယိုပါထရားသည် သူ၏သင်္ဘောတပ်ကို ရုပ်သိမ်း၍ အလက်ဇန္ဒြီးယားမြို့သို့ ပြန်ပြေးလေသည်။ မတ်အန်တိုနီသည် မိမိကိုယ်ကို အဆုံးစီရင်လိုက်သဖြင့် ကလီယိုပါထရား၏ လက်ပေါ်မှာပင် အသက်ပျောက်သွားလေသည်။

ကလီယိုပါထရားသည် အော့တေးဗီးယန်းအား မိမိ၏ရူပါရုံဖြင့် ချော့မြူရန်ကြိုးစားသော်လည်း မရခဲ့ပေ။ မိမိအား သံကြိုးနှင့်ချည်နှောင်ကာ ရောမဗိုလ်ပုံအလယ်တွင် အရှက်ခွဲမည်ကို ကြိုတင်သိမြင်သည်။ ထို့ကြောင့် အသက် ၃၈-နှစ်အရွယ် ကလီယိုပါထရားသည် မိမိတွင် အသင့်ဆောင်ထားသော မြွေပွေးငယ်အား မိမိ၏ရင်ကို ကိုက်စေပြီးလျှင် အသက်ကို အဆုံးစီရင်လိုက်သည်။ ထိုအခါ အော့တေးဗီးယန်းသည် ဆီဇာနှင့် ရထားခဲ့သော ဆီဇာရွန်းကိုလည်း ကွပ်မျက်လိုက်လေသည်။ မြွေဟောက်သတ္တဝါသည် အဆိပ်ပြင်းထန်သဖြင့် အကိုက်ခံရသူတိုင်း အသက်ဆုံးရှုံးကြရသည်။ ထို့အတူ ကလီယိုပါထရား၏ အလှယမက်သည် ယောကျ်ားတိုင်းအား ဆွဲဆောင်နိုင်ပြီး ၄င်း၏အလှမာယာ ကျော့ကွင်းသို့ ၀င်ရောက်လာသူကို အလွတ်မပေးဘို့ သူ့ဆန္ဒအတိုင်း လိုက်လျောကြရသည်ဖြစ်၍ ကလီယိုပါထရားကို မြွေဟောက်နှင့် နှိုင်းယှဉ်ထားခြင်း ဖြစ်သည်။

Source : thutakabar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။