လူတိုင်းမှာ ခင်မင်ရတဲ့သူငယ်ချင်းတွေဆိုတာရှိစမြဲပါ။ အချိန်တွေကြာလေ ခင်မင်မှုသံယောဇဉ်တွေတိုးလာလေပါပဲ။ ဒီလိုအဖိုးတန်တဲ့ ခင်မင်မှုလေးတွေ ပျောက်ပျက်မသွားဖို့ အရေးကြီးပါတယ်။ ချစ်သူရည်းစားဆိုတာ စိတ်အခန့်မသင့်ရင် ပြတ်စဲသွားနိုင်ပေမယ့် သူငယ်ချင်းဆိုတာ ဘယ်တော့မှဖြတ်တောက်လို့မရတဲ့ သံယောဇဉ်ကြိုးလေးပါပဲ။ ပြတ်စဲသွားခဲ့ရင်လဲ ပြန်ဆက်ဖို့မလွယ်ကူနိုင်လောက်အောင် ဝေးကွာသွားမှာပါ။

“ သူစိမ်းကောင်းရင် ဆွေမျိုးထက်ပိုတယ် ” ဆိုတဲ့စကားလေးဟာ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းတွေကိုရည်ညွှန်းပါတယ်။ သူငယ်ချင်းကောင်းဆိုတာ ဘုရားပေးတဲ့ဆုလာဘ်ပါပဲ။ အရမ်းကိုအဖိုးတန်လို့ အလေးအနက်ထားရမယ့်အရာတွေထဲမှာပါပါတယ်။ သူငယ်ချင်းကောင်းဆိုတာ ကိုယ့်ရဲ့ကောင်းခြင်းဆိုးခြင်းတွေအားလုံးကို ကိုယ့်မိဘပြီးရင် လက်ခံနားလည်အပေးနိုင်ဆုံးသူတွေပါပဲ။ ကိုယ့်ချစ်သူကတောင်နားလည်မပေးနိုင်တဲ့ တစ်ချို့အရာတွေကို သူငယ်ချင်းတွေက အပြည့်အဝနားလည်လက်ခံပြီး အကူအညီလိုအပ်တဲ့အခါ တတ်အားသရွေ့ကူညီပေးတတ်ကြပါတယ်။

သူငယ်ချင်းကောင်းကိုလိုချင်ရင် ကိုယ်တိုင်ကလဲသူငယ်ချင်းကောင်ဖြစ်အောင် နေထိုင်ပြုမူရပါမယ်။ သူတစ်ပါးအပေါ်မှာစေတနာအပြည့်အဝထားပါ၊ စိတ်ကောင်းမွေးပါ၊ စိတ်ကိုတစ်မျိုးထဲထားတတ်ပါစေ၊ ခုတစ်မျိုးတော်ကြာတစ်မျိုးမလုပ်ပါနဲ့ ဒါဟာခင်မင်မှုကိုအများကြီးအနှောက်အယှက်ပေးတတ်ပါတယ်။ ကိုယ့်သူငယ်ချင်းပျော်ရွှင်ပြည့်စုံနေတာမြင်ရင် မုဒိတာစိတ်ထားပြီး သူနဲ့အတူပျော်ရွှင်မှုကိုဝေမျှယူပါ။ အဲဒီအချိန်အခိုက်အတန့်လေးဟာ ဘဝမှာဘယ်တော့မှ မေ့လို့မရမယ့် ပျော်ရွှင်မှုလေးဖြစ်မှာပါ။

သင့်မှာငယ်ငယ်ကတည်းကနေ ခုထိခင်မင်ရင်းနှီးလာတဲ့ ငယ်သူငယ်ချင်းတွေ ရှိနေတယ်ဆိုရင်တော့ သင်ဟာကမ္ဘာပေါ်က ကံကောင်းတဲ့သူတွေထဲမှာ စာရင်းဝင်သွားပါပြီ။ လူတစ်ယောက်နဲ့တစ်ယောက်ဟာ ခင်ဖို့ ချစ်ဖို့လွယ်ကူပါတယ်။ စိတ်ရင်းနဲ့ဖြစ်ဖို့ပဲခက်ခဲတာပါ။ ငယ်သူငယ်ချင်းမဟုတ်တောင် ခင်တာနှစ်နဲ့ချီပြီး ကိုယ့်အကြောင်းအူမချေးခါးအကုန်သိတဲ့ သူငယ်ချင်းရှိတယ်ဆိုရင်လဲ ဂုဏ်ယူလိုက်ပါ။ သင့်မှာဘုရားကပေးတဲ့ကံကောင်းခြင်းလက်ဆောင်လေး ရှိနေပါတယ်။ ဒီလိုသူငယ်ချင်းတွေကို တန်ဖိုးထားဆက်ဆံဖို့အရေးကြီးပါတယ်။

သူငယ်ချင်းတွေချည်းပဲ Single Life ကိုဖြတ်သန်းနေချိန်မှာ ပြဿနာမရှိပေမယ့် တစ်ယောက်ယောက်ကချစ်သူရသွားတာပဲဖြစ်ဖြစ် သူငယ်ချင်းအသစ် ထပ်တွေ့တာပဲဖြစ်ဖြစ် ဆိုရင် အနည်းနဲ့အများတော့ ကတောက်ကဆလေးတွေဖြစ်တတ်ပါတယ်။ ဒီလိုအချိန်တွေမှာ ပါးနပ်လိမ္မာစွာနဲ့ ရှဉ့်လဲလျှောက်သာ ပျားလဲစွဲသာ အခြေအနေဖြစ်အောင် ဖန်တီးဖို့လိုပါတယ်။ အခန့်မသင့်တဲ့အခါ အဖိုးတန်တဲ့ သူငယ်ချင်းကောင်းတွေကိုဆုံးရှုံးရမှာဖြစ်ပါတယ်။ သူငယ်ချင်းကောင်းဆိုတာ သင်သူ့ကိုမစွန့်ပစ်သရွေ့သူကလဲ သင့်နားကမခွဲခွာသွားပါဘူး သူ့ကိုစွန့်ပစ်တဲ့ အပြုအမူမျိုးမလုပ်မိဖို့တော့ သင်သတိထားရပါလိမ့်မယ်။ သူငယ်ချင်းတွေကိုတန်ဖိုးထားပါ သူတို့ကသင့်ဘဝတစ်လျှောက်လုံးအတွက် အကောင်းဆုံးအဖော်မွန်တွေပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။