တက္ကသိုလ်ထဲက ယာဉ်တိုက်မှု ဖြစ်စဉ် အပြည့်အစုံ

(၂၀၁၆)ခုနှစ်၊ နိုဝင်ဘာ (၆)ရက်၊ တနင်္ဂနွေနေ့ ညနေ (၄)နာရီလောက်က ရန်ကုန်တက္ကသိုလ် ဝင်ပေါက်ရှေ့က တက္ကသိုလ်ရိပ်သာ လမ်းပေါ်မှာ တော်တော်ဆိုးရွားတဲ့ ယာဉ်တိုက်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ကားတစ်စီးက ပလက်ဖောင်းပေါ်ထိတက်ပြီး လမ်းသွားလမ်းလာတွေနဲ့ စျေးသည်တစ်ယောက်ကို တိုက်ခဲ့တာပါ။ (၅)ယောက် ထိခိုက်မိခဲ့ရာမှာ အခု နိုဝင်ဘာ (၈)ရက် မနက်ထိ (၂)ယောက်ကတော့ ဆုံးသွားခဲ့ပါပြီ။

ထိခိုက်မိတဲ့ထဲမှာ ကျွန်တော့်သူငယ်ချင်း စုံတွဲ ပါခဲ့ပြီး အမျိုးသမီးဖြစ်တဲ့ မချိုချိုမြင့်ကတော့ ဦးနှောက်ထဲ သွေးရောက်ရာကနေ ဒီမနက်မှာပဲ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ ဒီယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ကိုယ်တိုင်ကိုယ်ကျ ဘာမှဝင်ပြောဖို့ စိတ်ကူးမရှိခဲ့ပေမယ့် ယာဉ်မောင်းသူဘက်က လော်ဘီတွေရဲ့ သည်းခံချင်စရာ မရှိလောက်အောင် ဖာထေးကာကွယ်မှုတွေအပြင် ထိခိုက်မိသူတွေကိုတောင် အပြစ်ဖို့ချင်တဲ့ Victim Blaming ဆန်ဆန် အရေးအသားတွေကြောင့် ဒီPostကို ကျွန်တော် ရေးဖြစ်သွားပါတယ်။

ယာဉ်တိုက်မှုအကြောင်း စပြောပါမယ်။ ကားက လမ်းချော်လာပြီး ပလက်ဖောင်းပေါ်ကို ခေါင်းနဲ့တက်လာတာ မဟုတ်ပါဘူး။ ဘေးတိုက်ကြီး စဉ်ထွက်လာပြီး လူအုပ်ကို အလျားလိုက် ဖြတ်ရိုက်သလို ဖြစ်သွားတာပါ။ အခင်းဖြစ်တဲ့ နေရာက ဓာတ်ပုံတွေကိုကြည့်ရင် လဲနေတဲ့ သူတွေနဲ့ ကားရဲ့ တည်နေရာကို ချိန်ထိုးပြီး ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ယာဉ်တိုက်မှု ကျူးလွန်သူဘက်က ကားစတီယာရင် ချွတ်ယွင်းချက်ကြောင့် ဖြစ်သွားတယ်လို့ အကြောင်းပြထားပေမယ့် တကယ်တမ်း စတီယာရင် ချွတ်ယွင်းရင် ကားက ခေါင်းတည်ပြီးပဲ ဝင်တိုက်တာမျိုး ဖြစ်ရပါမယ်။

ကားတိုက်ခံရတာကြောင့် လက်နှစ်ချောင်းစလုံး ကျိုးသွားပြီး ခေါင်းပေါက်၊ ဒူးစုတ်သွားတဲ့ ကျွန်တော့်သူငယ်ချင်း ကိုညီညီလွင်ကတော့ သူ့အမြင်ကို ပြောပါတယ်။ ကားက အရှိန်နဲ့ မောင်းလာတာကို သူမြင်လိုက်ပါတယ်။ ဘေးတိုက်ကြီး ရွေ့ပြီး သူတို့ဆီ ဝင်လာချိန်မှာ လက်နှစ်ဖက်နဲ့ ကာလိုက်ရာကနေ လက်ကျိုးသွားပါတယ်။ သူကိုယ်တိုင်က ကားမောင်းတဲ့ အလုပ်နဲ့ ပရော်ဖက်ရှင်နယ် အသက်မွေးနေသူပါ။ ကားနဲ့ ရင်းနှီးသူပါ။ သူ့ကောက်ချက်က ရှင်းပါတယ်။ “ဒီကောင် ဖင်ယားပြီး Driftဆွဲလိုက်ပုံ ရတယ်”တဲ့။ ကားမောင်းတဲ့ ချာတိတ်ရဲ့ Facebookက Profileကို သွားကြည့်ရင် သူ့ရဲ့ ဝါသနာစာရင်းမှာ Driftကို ဂုဏ်ယူဝံ့ကြွားစွာ ထည့်ရေးထားပါတယ်။ ဒီတော့ ဘယ်အချက်က အမှန်ဖြစ်မလဲ ဆိုတာကို သိပ်ပြီး ခေါင်းခြောက်ခံ စဉ်းစားဖို့ လိုမှာ မဟုတ်ပါဘူး။

ယာဉ်တိုက်မှု ကျူးလွန်သူကို ကာကွယ်တဲ့ လော်ဘီ ဉာဏ်ကြီးရှင်တွေက ချာတိတ်ရဲ့အသက် (၁၈)နှစ်ပဲ ရှိသေးတာကြောင့် သူ့ဘဝ အညွန့်မကျိုးသွားအောင် ခွင့်လွှတ်သင့်တယ် ဆိုတာမျိုး ရေးထားကြပါတယ်။ ကန်တော့ပါရဲ့။ (၁၈)နှစ် မပြည့်သေးရင် “_ီးမို့လို့ ကားတက်မောင်းရတာလား”လို့ပဲ ပြန်မေးရပါတော့မယ်။ ဒါပေမဲ့ သတင်းစာထဲမှာ ဖော်ပြချက်အရတော့ ယာဉ်တိုက်မှု ကျူးလွန်သူ စိုင်းနန္ဒရွှေဟာ အသက်(၂၀)လို့ သိရပါတယ်။ လူငယ်တစ်ယောက် ဘဝ အညွန့်ကျိုးမှာကို တွေးကြောက်နေတယ်ဆိုရင် အသက်ပါ ပေးလိုက်ရတဲ့ နစ်နာသူတွေကျတော့ ဥုံဖွလုပ်ပေးပြီး ကျေနပ်ခိုင်းရမှာလား။ တကယ့်ကို စိတ်ပျက်စရာ Logicတွေပါပဲ။ Mark IIတစ်စီးမှာ Kitလေးတွေ နည်းနည်းပါးပါး လျှောက်တပ်ရုံနဲ့ ကိုယ့်ကိုယ်ကိုယ် Ferrari ပိုင်ရှင် အမှတ်လောက်နဲ့ ရမ်းကားခဲ့တယ် ဆိုတာကို ဘယ်လိုမှ ဖုံးကွယ်လို့ မရပါဘူး။

ယာဉ်တိုက်မှု ကျူးလွန်သူဘက်က လော်ဘီတွေ ပြောဆိုနေတာ တစ်ခု ရှိပါသေးတယ်။ ထိခိုက်နစ်နာသူတွေရဲ့ မိသားစုတွေဘက်က ကျေအေးထားလျက်နဲ့ မဆိုင်သူတွေက ဝင်ပြီး နာနေကြတယ် ဆိုတာပါ။ လုံးဝ မှားပါတယ်။ တကယ်တမ်းက ထိခိုက်နစ်နာသူတွေကို တာဝန်မဲ့ ပစ်ပယ်ထားတာဟာ ယာဉ်တိုက်မှု ကျူးလွန်သူရဲ့ မိသားစုတွေသာ ဖြစ်ပါတယ်။ သူတို့သားကို ထောင်ထဲက ထုတ်ဖို့ပဲ အဓိက လုံးပန်းနေပြီး ထိခိုက်မိသူတွေ အားလုံးကို မျက်ကွယ်ပြုထားပါတယ်။ လူနှစ်ယောက် သေဆုံးပြီးချိန်ထိ သူတို့ဆီက လူလိုနားလည်ပြီး တာဝန်ယူတတ်တဲ့ အရိပ်အယောင် ဘာတစ်ခုမှ မပြသေးပါဘူး။

မနေ့က ရန်ကုန်ဆေးရုံကြီးမှာ ကျွန်တော့် သူငယ်ချင်း စုံတွဲကို သွားကြည့်ခဲ့ပါတယ်။ တင်ထားတဲ့အဆောင် မတူပါဘူး။ ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ဌာနက လူနာကုတင်ပေါ်မှာ မချိုချိုမြင့်ကို မြင်ရတာ တကယ့်ကို စိတ်မသက်သာစရာပါ။ မျက်နှာတစ်ခုလုံး ပတ်တီးတွေ စည်းထားရပြီး အသိမဲ့ လှဲလျောင်းနေပါတယ်။ ဝေဒနာကြောင့် ထင်ပါတယ်။ တစ်ခါတလေ ထထပြီး ရုန်းပါတယ်။ သူ့မိသားစုက လက်ကိုဆုပ်ကိုင်ရင်း ခပ်တိုးတိုး နှစ်သိမ့်နေကြတယ်။ သူတို့အားလုံးရဲ့ မျက်နှာပေါ်မှာ ရန်ညှိုးဖွဲ့တဲ့ အရိပ်အယောင် ဘာမှ မတွေ့ရပါဘူး။ သူတို့ချစ်ခင်တဲ့ သမီးဖြစ်သူ၊ ညီမဖြစ်သူအတွက် စိုးရိမ်သောကတွေပဲ ထင်ဟပ်နေပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ပဲ အမှုကို ကျေအေးတယ်၊ ပြစ်မှုကျူးလွန်သူကို ခွင့်လွှတ်တယ်လို့ အဓိပ္ပါယ် ရောက်သွားရောလား။ လုံးဝမဆိုင်ပါဘူး။ ဘာမှကို မဆိုင်တဲ့ လိုရာဆွဲယူမှု သက်သက်ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ လူနာရှင်တွေအတွက် လူနာက အရေးအကြီးဆုံးသာ ဖြစ်ပါတယ်။

နိုဝင်ဘာ (၈)ရက် မနက်မှာတော့ မချိုချိုမြင့် လူ့လောကကို မျက်ကွယ်ပြုသွားရှာပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်က စျေးသည် ကိုမျိုးလွင် ဆုံးပါးခဲ့ပြီးပါပြီ။ လက်နှစ်ဖက်လုံး ကျိုးသွားတဲ့ ကျွန်တော့် သူငယ်ချင်း ကိုညီညီလွင်က သူ့ရည်းစားရဲ့ အခြေအနေကို စိုးရိမ်တကြီး တောက်လျှောက် မေးနေပါတယ်။ သူလည်း ဆေးရုံကုတင်ပေါ်မှာ ကျောက်ပတ်တီး အဖွေးသားနဲ့ ပက်လက်ကြီးပါ။ ကျွန်တော်တို့ ဆို့ဆို့နင့်နင့်နဲ့ပဲ အခြေအနေ ကောင်းပါတယ်လို့ ညာပြီး ဖြေခဲ့ရတယ်။ ဆုံးသွားတဲ့ ကိစ္စကိုတောင် သူ့ကို အသိပေးဖို့ သင့်မသင့် မိသားစုက ဒွိဟ ဖြစ်နေရဆဲပါ။

ဒီတော့ မေးချင်တာက ပြစ်မှုကျူးလွန်သူဟာ အသက်ငယ်သေးလို့ ခွင့်လွှတ်သင့်ပါတယ်ဆိုရင် အဆိုးရွားဆုံး ဝေဒနာတွေ ခံစားရပြီး အရွယ်ကောင်းမှာ လူ့လောကနဲ့ သူတို့ချစ်ခင်သူတွေကို စွန့်ခွာသွားရတဲ့ သူတွေအတွက် ဘယ်လို ပြန်ပေးဆပ်မှာလဲ။ သူတို့သားသမီးကသာ တန်ဖိုးရှိတယ်လို့ ဆိုလိုတာလား။ သေသွားတဲ့ ကိုမျိုးလွင်ဟာ အသက် (၂၃)နှစ်ပဲ ရှိရှာပါသေးတယ်။ ကျွန်တော့်သူငယ်ချင်း မချိုချိုမြင့်ဟာ စာကြည့်တိုက် ပညာရပ် လောကမှာ အလားအလာ အများကြီး ရှိသူအဖြစ် သတ်မှတ်ခံထားရသူ တစ်ယောက်ပါ။ လာမယ့်နှစ်ဆန်းလောက်မှာ အမေရိကန်ကို ပညာရေးကိစ္စနဲ့ သွားရဖို့ အားလုံး စီစဉ်ပြီးပါပြီ။

ကျွန်တော့် စကားဟာ နည်းနည်းတော့ Bias ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။ မိဘအရှိန်အဝါ၊ ငွေကြေးဥစ္စာတွေကို သုံးပြီး ကားတစ်စီးနဲ့ ဘော်ကျော့ ရမ်းကားနေတဲ့ လူငယ်တစ်ယောက်ထက် ကိုယ့်ဝမ်းကိုယ်ကျောင်းနေတဲ့ လူငယ်တစ်ယောက်၊ ပညာရေး လောကရဲ့ အနာဂတ် ကြယ်ပွင့်တစ်ယောက်ကို တန်ဖိုးချင်း တခြားစီပါ။ ကိုယ်ပိုင်ကား စီးနိုင်လို့၊ မိဘချမ်းသာလို့ ဒီလူငယ်က သေသူတွေထက် ပိုတန်ဖိုးရှိတယ်ဆိုတဲ့ အပြောအဆိုမျိုးနဲ့ လော်ဘီလုပ်ကြတာဟာ အတွေးအခေါ် အဆင့်အတန်း နိမ့်လွန်းတဲ့ ဝိသေသတွေလို့ မြင်ပါတယ်။

ဖြစ်ခဲ့တာတွေ ဖြစ်ပြီးပါပြီ။ ပြန်အဖတ်ဆယ်လို့ မရနိုင်တော့ပါဘူး။ ဖြစ်ရပ်ဆိုးရဲ့ နောက်ဆက်တွဲကို တတ်နိုင်သမျှ အကောင်းဆုံး ဖြေရှင်းဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ ယာဉ်တိုက်မှု ကျူးလွန်သူရဲ့ မိသားစုဟာ နစ်နာသူတွေအတွက် ဘာဆိုဘာမှ ကူညီ စီစဉ်ပေးတာ မရှိသေးပါဘူး။ ကိုယ့်တစ်ဘို့တည်း ကြည့်နေဆဲပါ။ ပိုဆိုးတာက အထက်မှာ ပြောခဲ့သလိုပဲ Victim Blamingဆန်တဲ့ ဝါဒဖြန့်မှုတွေ၊ သေဆုံးသူတွေရဲ့ နစ်နာမှုကို ထပ်ပြီး စော်ကားနင်းချေနေတဲ့ အရေးအသားတွေကို Facebookမှာ ဖြန့်ချိနေခြင်းပါပဲ။ ဥပဒေရေးရာ ကဏ္ဍမှာလည်း သူတို့တွေ ဘယ်လို လက်သိပ်ထိုး ပြောင်းလဲဖို့ ကြိုးစားနေမလဲ ဆိုတာကိုတော့ မခန့်မှန်းတတ်ပါဘူး။

ကံတရားကို အပြစ်တင်တာမျိုးဆို လက်ခံပါမယ်။ ထိခိုက်နာကျင်သူတွေကို အပုပ်ချနေတာမျိုးကတော့ ကိုယ့်ကိုယ်ကိုယ် ဦးနှောက်နဲ့ အူမကြီး နေရာလွဲနေသလား ပြန်သုံးသပ်ပါလို့ပဲ ပြောပါရစေ။ စိုင်းနန္ဒရွှေကို တခြားကား တစ်စီးက ပလက်ဖောင်းပေါ်ထိ တက်တိုက်ပြီး သူသေသွားခဲ့ရင်၊ ဒါမှမဟုတ် ဒီဖြစ်ရပ်မှာ ကိုယ့်သွေးသားတွေ ပါဝင်ထိခိုက်ခဲ့မယ်ဆိုရင် ဒီလိုစကားတွေ၊ ဒီလို ဝါဒဖြန့်တာတွေ ရေးဖို့ သတ္တိရှိမလား ဆိုတာကို ပြန်ဆန်းစစ်ပါ။

ထိခိုက်သေဆုံးခဲ့သူတွေ အတွက်ရော၊ အမှုပတ်ခဲ့တဲ့ စိုင်းနန္ဒရွှေ အတွက်ပါ စိတ်မကောင်းပါဘူး။ ဒါမှန်သောစကားပါ။ ဒါပေမဲ့ မှားတဲ့ဘက်က အမှန်လိုလုပ်ပြီး ရောင်တော်ပြန် ထလွှတ်တာကိုတော့ လက်ခံနေစရာ အကြောင်းမရှိပါဘူး။ လူနှစ်ယောက် သေသွားခဲ့ပါပြီ။ အလိုက်ကောင်းလို့ စိုင်းနန္ဒရွှေ ထောင်မကျဘဲ လွတ်သွားခဲ့ရင်တောင် သွေးစွန်းနေတဲ့ လက်တွေနဲ့ တစ်ဘဝလုံး လိပ်ပြာသန့်သန့် ဆက်ရှင်သန်သွားရဲသလား၊ အဲဒီ သွေးစွန်းတဲ့ လက်တွေကို အာကလိအောက် လေသံနဲ့ Facebookကနေ လော်ဘီလုပ် ကာကွယ်နေသူတွေရော ဒီအတွက် စိတ်ရှင်းရဲ့သလား ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြပါ။

အစ်မ မချိုချိုမြင့်ရော၊ ကိုယ်နဲ့ မသိကျွမ်းခဲ့တဲ့ ညီငယ် ကိုမျိုးလွင်တို့လည်း ကောင်းရာသုဂတိ လားပါစေ။ ထိခိုက်နစ်နာသူတွေကို မစာမနာနဲ့ လိုရာဆွဲ အပြစ်တင်နေတဲ့ Facebookပေါ်က စောက်တလွဲ လော်ဘီတွေ တူသော အကျိုးပေးနဲ့ သေသေချာချာကြီး ကြုံပါစေ။ ဝဋ်လည်ခြင်းရဲ့ အရသာကို ဒီဘဝမှာပဲ အတိုးချပြီး ခံစားကြရပါစေ လို့ သေဆုံးသူရဲ့ မိတ်ဆွေ တစ်ဦးဖြစ်သူက ဖြစ်စဉ်ကို ရေးသားထားပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။