တနင်္ဂနွေနေ့ မွေးသူများ

ထူးခြားသောအပြောင်းအလဲနှင့် တိုးတက်မှုများရရှိမည်။ နေရာသစ်ဝန်းကျင်သစ်များနှင့်ဆက်ဆံ၍ တိုးတက်မှုများဆက်တိုက်ရရှိမည်။ အလှူမင်္ဂလာကိစ္စ ကြုံမည်။ နေအိမ်နေရာ၊ အလုပ်နေရာတွင် ပြုပြင်ခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်းများဆောင်ရွက်သောအနေအထားကြံုမည်။ ယှဉ်ပြိုင်လာသော သူများအပေါ် အနိုင်ယူလွှမ်းမိုးနိုင်သောအခြေအနေကြံုမည်။

ယတြာ ။ ။ တနင်္ဂနွေနေ့တွင် အုန်းတံမြက်စည်းဟောင်းများစွန့်ပါ။

တနင်္လာနေ မွေးသူများ

ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်စတင်လုပ်ကိုင်ရမည်။ ပိတ်နေသောလမ်းများပြန်ပွင့်မည်။ ဆိုင်းငံ့ထားသောလုပ်ငန်းများ ပြန်လည်အရှိန်မြှင့်တင်လုပ် ကိုင်ရသောအနေအထားရှိမည်။ ရုတ်တရက်ဆုံးဖြတ်ပြီးလုုပ်ကိုင်သောကိစ္စများမှ ကောင်းသောအကျိုးဆက်ကိုရရှိမည်။ ပျိုရွယ်သူများ အလွန်စန်းပွင့်မည်။ အပြိုင်အဆိုင်များကိုကျော်ဖြတ်နိုင်မည်။

ယတြာ ။ ။ တနင်္လာနေ့တွင် ခြေသုတ်ခုံဟောင်းများစွန့်ပါ။

အင်္ဂါနေ့ မွေးသူများ

စိတ်ပျံ့လွင့်လွယ်မည်။ မည်သည့်ကိစ္စကို ဆောင်ရွက်သည်ဖြစ်စေ အာရုံစူးစိုက်မှုကိုတည်ဆောက်၍မရသလိုဖြစ်နေမည်။ အောင်မြင်အဆင်ပြေနေသောကိစ္စများကိုပင်စွန့်ပစ်ရန်ဝန်မလေး။ အလုပ်ပြောင်းလိုစိတ်နှင့် လမ်းသစ်ထွင်၍ လုပ်ကိုင်လိုစိတ်များပေါ်မည်။ ရဲရဲရှေ့တိုးလုပ်ကိုင်ပါ။ ထူးခြားစွာတိုးတက်မည်။ တစ်ပါးသူစကား နားယောင်နေခြင်းထက် ကိုယ်တိုုင်သုံးသပ်လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မည်။

ယတြာ ။ ။ အင်္ဂါနေ့တွင် စမူဆာဒါနပြုပါ။

ဗုဒ္ဓဟူးနေ့ မွေးသူများ

မိသားစုတွင် နေရာထိုင်ခင်းပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ တိုးတက်ခြင်းများကိုဆောင်ရွက်နိုင်သောကာလဖြစ်သည်။ အိမ်ပြင်၊ အိမ်ဆောက်၊ အိမ်ပြုပြင်ခြင်း၊ အပြောင်းအရွှေ့ပြုခြင်းများ ဆောင်ရွက်သမျှအောင်မြင်မည်။ ခြံ၊ မြေ၊ နေရာထိုင်ခင်းကိစ္စပြောဆိုအဆင်ပြေမည်။ လှေ၊ လူ အစရှိသည့် ဗုဒ္ဓဟူးနံများ အဝင်မတော်။ ရွှေထည်ပစ္စည်းများ ပျောက်တတ်သည်။

ယတြာ ။ ။ ဗုဒ္ဓဟူးနေ့တွင် ရွှေရင်အေး ဒါနပြုပါ။ 

ရာဟု (ဗုဒ္ဓဟူးမွန်းလွဲ)မွေးသူများ

ကောင်းသောအပြောင်းအလဲနှင့် တိုးတက်မှုများရှိမည်။ အခက်အခဲများကိုကျော်လွှားနိုင်မည်။ ရုတ်တရက်ဆုံးဖြတ်ပြီး လုပ်ကိုင်သောကိစ္စများမှထူးခြားသော အောင်မြင်မှုများရမည်။

စိတ်ဓာတ်တက်ကြွနေမည်။ စိတ်လိုက်မာန်ပါ လုပ်လိုစိတ်ပေါ်မည်။ စိတ်တိုဒေါသဖြစ်လွယ်မှုကြောင့် အမှားမဖြစ်အောင် မိမိကိုယ်ကိုမိမိထိန်းသိမ်းရမည်။

ယတြာ ။ ။ ဗုဒ္ဓဟူးမွန်းလွဲပိုင်းတွင် ပေါင်မုန့်ဒါနပြုပါ။

ကြာသပတေးနေ့ မွေးသူများ

ခြံ၊ မြေ၊ နေရာထိုင်ခင်းကိစ္စများအတွက် စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်တတ်သည်။ ကားဝယ်ယူခြင်း၊ လဲလှယ်ခြင်းပြုရန်ကြံုမည်။ သတိနှင့်ဆောင်ရွက်ပါ။ မိဘဆွေမျိုးသားချင်းများ ပဋိပက္ခဖြစ်တတ်သည်။ ရန်များတတ်သည်။ အိမ်အနီးအပါး၌ ပျော်ပွဲရွှင်ပွဲများရှိက အလွန်ကောင်းသောနိမိတ်ဖြစ်သည်။ အခက်အခဲများကြံုက စနေနေ့၊ တနင်္ဂနွေနေ့မွေးသောသူများနှင့် ညှိနှိုင်းတိုင်ပင်ရင်ဆိုင်ပါ။

ယတြာ ။ ။ ကြာသပတေးနေ့တွင် မုန့်ဟင်းခါး ဒါနပြုပါ။

သောကြာနေ့ မွေးသူများ

ရည်မှန်းချက် အောင်မြင်မည်။ အခက်အခဲများကို ကျော်လွှား၍တိုးတက်မှုအဆင့်ဆင့်ရရှိမည်။ အရွေးရခက်အောင်၊ တွေဝေဒွိဟဖြစ်လောက်အောင် အခွင့်အလမ်းနှစ်ခွပေါ်ပေါက်မည်။ မည်သည့်ကိုစ္စကိုမဆို ဆောင်ရွက်ပါစေ၊ နှစ်ကြိမ်နှစ်ခါလုပ်ရမည်။ အတတ်ပညာကိုလုပ်ကိုင်ဆောင်ရွက်သူများအဖို့ အဆင့်မြင့်အောင်မြင်ခြင်း၊ တိုးတက်ခြင်းရှိမည်။

ယတြာ ။ ။ သောကြာနေ့တွင် သစ်သီးသုံးမျိုးဆွမ်းကပ်လှူပါ။

စနေနေ့ မွေးသူများ

ကာလအတန်ကြာ ဝေးကွာနေသောမိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံတွေ့မည်။ ထူးခြားသော ဘုရားစေတီတော်များ ဖူးမြင်ရခြင်း၊ ပုဂ္ဂိုလ်ထူးများနှင့်ကြံုမည်။ ကျားအရုပ်ပုံပါသည့် ပစ္စည်းများလက်ဆောင်ရရှိမည်။ သစ်သီးများ လက်ဆောင်များစွာရရှိမည်။ နေအိမ်ဝန်းကျင်တွင်လည်း သစ်ပင်မှသစ်သီးများကြွေကျတတ်သည်။ ကိုယ်ဝင်ထွက်သွားလာရာ ဝန်းကျင်တွင်ရှိသော နတ်သမီးရုပ် ကျိုးခြင်း၊ ပဲ့ခြင်းများကြားရမည်။

ယတြာ ။ ။ စနေနေ့တွင် ထီးနီတစ်လက်လှူဒါန်းပါ။

သတင်းအရင်းအမြစ် - ဆရာ စံ-ဇာဏီဘို 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။