Hot Pot ဆိုတာနဲ့လူတော်တော်များများသိမယ့်အချက်ကတော့ ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ဟင်းတစ်ခွက်အဖြစ်ပါပဲ။ Hot Pot ကို ကိုယ်နှစ်သက်နဲ့အသား (သို့မဟုတ်) ပင်လယ်စာနဲ့လဲ တွဲဖက်ချက်ပြုတ်သုံးဆောင်နိုင် ပါတယ်။ အနယ်နယ်အရပ်ရပ်မှာလဲ နာမည်ကြီးတဲ့ Hot Pot ဆိုင်တွေကလဲ သူ့ထက်ငါအပြိုင်အဆိုင် အရသာကောင်းကောင်းနဲ့ စားသုံးသူတွေကို ဝန်ဆောင်မှု ပေးနေကြပါတယ်။ “ ရွှေကောင်းဟော့ပေါ့” “ ရွှေလာဟော့ပေါ့ “ “ Hot Pot City ” “ Jo Jo Hot Pot ” “ ခိုင်လီ ” စတဲ့ နာမည်ကြီး ဟော့ပေါ့ဆိုင်တွေလဲရှိပါတယ်။

ဆိုင်မှာသွားစားရတာထက် အိမ်မှာကိုယ်တိုင်လုပ်စားရတာကို ကြိုက်နှစ်သက်တဲ့ စာဖတ်ပရိတ်သတ်ကြီးအတွက် Hot Pot ချဉ်စပ်လုပ်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။ အရင်ဆုံးဟင်းရည်ပြုလုပ်ရပါမယ်။ ဟင်းရည်မှာလိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့

၁။ ကြက်ရိုးနှင့်ဝက်ရိုး ၅၀ သား (ဝက်သားမစားတဲ့သူများကတော့ ကြက်ရိုးကိုပဲအသုံးပြုပါ)

၂။ ဂျင်း လက်တဆစ်စာ

၃။ အာလူးထူထူအပြားလိုက်လှီးထားသောအချပ် ၁ချပ် (မကြိုက်လျှင်မထည့်လည်းအဆင်ပြေပါသည်)

၄။ ပဲငပိအစပ် ထမင်းစားဇွန်းသုံးဇွန်း

၅။ ငရုတ်သီးခြောက် အနီတောင့် ၁၀ တောင့်

၆။ ပဲငပိအချို ထမင်းစားဇွန်း ၁ဇွန်း

၇။ ကြက်သွန်ဖြူ ၄ မွှာခန့်

၈။ သကြား ထမင်းစားဇွန်း ၁ဇွန်း

၉။ ဟင်းချက်ဆန်ဝိုင် - ထမင်းစားဇွန်း ၈ ဇွန်း

၁၀။ တရုတ်ဖာလာစေ့ (အမည်းရောင်) ၁ခု

၁၁။ နာနတ်ပွင့် ၃ခု

၁၂။ ဟွာဂျောင်း (Sichuan peppercorn) (ငရုတ်ကောင်းစေ့) ထမင်းစားဇွန်း ၁ဇွန်း

၁၃။ သစ်ကြပိုးခေါက် ၁ခု

၁၄။ ဆီ ထမင်းစားဇွန်း ၄ဇွန်း

စတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။ Hot Pot Ready Made အထုပ်တွေကိုလဲ City Mart တွေမှာဝယ်ယူလို့ရပါတယ်။ မိမိကိုယ်တိုင်အသေးစိတ်ချက်ပြုတ်ချင်သူများအတွက် ပြုလုပ်နည်းကိုပြောပြပေးပါမယ်။

ပြုလုပ်နည်း

၁။ ကြက်ရိုးနှင့်ဝက်ရိုးများကို သန့်စင်ပြီးအိုးတစ်ခုထဲထည့်ကာ ရေကိုအရိုးများမြုပ်ရုံထည့်ပြီး ပွက်လာသည်အထိ တည်ပါ။ ပွက်လာပြီး အရိုးများဖြူသွားလျှင် မီးဖိုပေါ်မှချပြီး ရေများသွန်ပစ်ပါ။ (ထိုအရည်ထဲတွင် အညှီအနံ့များ ပါသွားပါလိမ့်မည်။) ပြီးလျှင် အရိုးများကို ရေဖြင့်သေချာ ပြန်ဆေးပေးပါ။ အိုးကိုပါတစ်ပါတည်းဆေးပါ။

၂။ ထို့နောက်အရိုးများကို အိုးထဲထည့်ကာ ဂျင်းကိုပါးပါးလှီးထည့်ပြီး တည်ပါ။ အာလူးသီးဖတ်ကိုထည့်ပြီးမီးအေးအေးဖြင့် ၂ နာရီခန့်တည်ထားပါ။ (ရေကိုလိုအပ်သလို ဖြည့်ဖြည့်ပေးပါ)

၃။ အစပ်အနှစ်ပြုလုပ်ရန်အတွက် ငရုတ်သီးခြောက် အနီတောင့် ၅တောင့်ကိုရေစိမ်ပါ။ ထို့နောက် ဂျင်း၊ ကြက်သွန်ဖြူ၊ ရေစိမ်ထားသောငရုတ်သီးခြောက် အနီတောင့်၊ ပဲငပိအစပ်၊ ပဲငပိအချိုတို့ကိုထောင်းပါ (သို့) ကြိတ်စက်ထဲတွင်ထည့်ကြိတ်ပါ။

အိုးတစ်ခုထဲတွင် ဆီ ထမင်းစားဇွန်း ၄ဇွန်းကို အပူပေးပြီး ထောင်းထား (ကြိတ်ထား) သောအစပ်အနှစ်ကိုထည့်ပြီး မီးအေးအေးဖြင့် ၅ မိနစ်ခန့်ဆီသတ်ပါ။ ပြီးလျှင် ဟင်းချက်ဝိုင်၊ နာနတ်ပွင့်၊ တရုတ်ဖာလာစေ့၊ ဟွာဂျောင်း၊ သစ်ချပိုးခေါက်တို့ကိုထည့်ပြီး အနှစ်ပြစ်ပြစ်လေးဖြစ်လာသည်အထိ မိနစ် ၂၀ လောက် မီးအေးအေးဖြင့်တည်ထားပါ။

၄။ အရိုးပြုတ်ဟင်းရည်ကို ယောက်ချိုဆိုတဇွန်းခပ်ပြီး ငရုတ်သီးအစပ်အနှစ်ဖြင့်ရောပေးပါ။ သမအောင်လုပ်ပါ။ ပြီးလျှင်အရည်ချည်းပဲရအောင် ဇကာခံပြီးစစ်ပါက အနှစ်အရှည်များရရှိလာပါမည်။

၅။ Hot Pot (အစပ်) ဟင်းရည်လုပ်ရန်အတွက် အရိုးပြုတ်ဟင်းရည်ထဲကို အစပ်အနှစ်ရည်များထည့်ပါ။ ကျန်ရှိသော ငရုတ်သီးခြောက် ၅တောင့်ကိုလဲထည့်ပါ။ ပွက်အောင်တည်ပါ။ ပွက်လာလျှင် ကြိုက်နှစ်သက်ရာ အသား၊ အရွက်နှင့်ခေါက်ဆွဲများကို ထည့်၍သုံးဆောင်နိုင်ပါပြီ။

Source from Ei San’s Homemade Inspiration

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။