လူတိုင်းလိုလိုမှာ ရည်းစားဟောင်း အချစ်ဟောင်းဆိုတာရှိတတ်ကြပါတယ်။ ချစ်ဇာတ်လမ်းတွေရဲ့နောက်ကွယ်မှာလဲ စိတ်နာစရာ စိတ်ညစ်စရာအကြောင်းအရာတွေ အမျိုးမျိုးရှိတတ်ကြပါတယ်။ အပြစ်မှမရှိတဲ့သင့်ကို ထားခဲ့တဲ့ ရည်းစားဟောင်းကို လက်စားချေ ချင်တယ်ဆိုရင်တော့အကောင်းဆုံးနဲ့အထိရောက်ဆုံးဖြစ်တဲ့နည်းလမ်းလေးတွေပြောပြပေးပါမယ်။

၁။ အရင်ဆုံး ဝအောင်သာငိုလိုက်ပါ။

အသည်းကွဲနေတဲ့ ဘယ်သူမဆို ရင်ကွဲအောင်ခံစားရမှာပဲ။ ဒါ့ကြောင့် အခန်းထဲမှာ စိတ်ရှိလက်ရှိငိုချလိုက်ပါ။ အချစ်ဆုံးသူငယ်ချင်းတွေကို ခံစားချက်တွေပြောပြီးရင်ဖွင့်လိုက်ပါ။ ငိုချင်သလောက်ငိုပါ။ အဝသာ ငိုပါ။ စိတ်ထဲ ရှင်းသွား၊ ပေါ့သွားအောင် ငိုပစ်လိုက်ပါ။ ဒီလို အားရပါးရ ငိုကြွေးခြင်းကတော့ တစ်ရက်တာအတွက်ပဲဖြစ်ပါတယ်။ ငိုလို့ဝရင် ပက်သက်ခဲ့တာတွေကို မေ့ပစ်လိုက်ပါ။

၂။ သူ့ကိုဂရုမစိုက်တော့တဲ့ ပုံစံနဲ့စတင်နေထိုင်လိုက်ပါ။

ခပ်တည်တည်နေတာကပိုပြီး ဆွဲဆောင်မှုရှိတာပါ။ ပြီးတော့ သင့်ဖုန်းထဲက သူ့ဓာတ်ပုံတွေတစ်ခုမကျန်ဖျက်ပစ်ပါ။ Facebook ပေါ်မှာသူ့ကို Block မလုပ်ပါနဲ့။ ပျော်ရွှင်နေတဲ့သင့်ပုံရိပ်တွေကို သူမြင်သာပါစေ။ အရေးကြီးတဲ့အချက်ကအရမ်းမသိသာပါစေနဲ့။ သင်သိသလို သူလဲလူလည်တစ်ယောက်ဖြစ်နေနိုင်ပါတယ်။ သာသာနဲ့နာနာနှက်ဆိုတဲ့စကားအတိုင်း သူ့ကြောင့်ကြေကွဲနေတဲ့လူမဟုတ်ပဲ သူနဲ့ပြတ်လို့ လန်းဆန်းနေတဲ့သူအဖြစ်နေပြလိုက်ပါ။ သူ့ဖက်ကမခံစားနိုင် (သို့) မကြည့်ချင်တော့တဲ့အခါ သင့်ကို Block သွားပါလိမ့်မယ်။ ဒါဆိုသင်နိုင်ပါပြီ။ သင်ဟာထွက်ပြေးတဲ့သူမဟုတ်လို့ အရှုံးမရှိပါဘူး။ 

၃။ အလှအပ၊အသားအရည်ကိုအရင်ကထက်ပိုဂရုစိုက်ပါ။

အသဲကွဲနေလို့ဆိုပြီး ဖြစ်သလိုနေထိုင်စားသောက်ပြီး ကိုယ့်ကိုယ်ကိုစိတ်ပျက်မနေပါနဲ့။ ဘာမှထူးလာမှာမဟုတ်လို့ သင့်ကိုထားသွားတဲ့သူက “ငါသူ့ကိုထားခဲ့တာကံကောင်းတယ်” ဆိုပြီးပျော်တောင်နေဦးမယ်။စတိုင်လ်ကျကျ၊ ဖက်ရှင်ကျကျ၊ ခပ်မိုက်မိုက်နေထိုင်လိုက်ပါ။ ကိုယ်ကအရမ်းလန်းသွားတဲ့အခါ သူကနှမြောတသနဲ့ပြန်လာဆက်သွယ်ရင်တောင် ပိုးစိုးပက်စက်ချေပစ်လိုက်ပါ။ အဲ့အချိန်တွေက သင့်စိတ်ကို အပြည့်အဝကျေနပ်မှုရစေမှာပါ။ စိတ်ပျော့ပြီးပါမသွားဖို့ကတော့ အရေးအကြီးဆုံးအချက်ပါပဲ။ တစ်ခါလိမ်ဖူးတဲ့သူက ထပ်ခါထပ်ခါ လိမ်ဖို့ လုံးဝကိုနောက်မရွံ့တတ်ပါဘူး။

၄။ ကိုယ်ရှာထားတဲ့ပိုက်ဆံတွေကို ကိုယ့်အတွက် ကိုယ်သုံးပါ။

အလုပ်ကိုအရင်ကထက်ပိုကြိုးစားပြီးဝင်ငွေကောင်းအောင်ရှာပါ။ ချိန်းတွေ့စရာ၊ ပိုက်ဆံအပိုကုန်စရာ မလိုတော့လို့ ကိုယ်ရှာတဲ့ငွေတွေကို ကိုယ်တိုင်ပျော်ပျော်ကြီးသုံးပါ။ မိဘကိုလဲပေးနိုင်တာမို့ အကုသိုလ်မရှိပဲ ကုသိုလ်ရမယ့်အလုပ်တွေမို့ ကိုယ့်အတွက်ယူတတ်ရင် အမြတ်တွေချည်းပါပဲ။ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းပြီး ခရီးတွေလဲ တဝကြီးထွက်ပစ်လိုက်ပါ။ သူ့ကြောင့်ညစ်နွမ်းခဲ့ရတဲ့ ကိုယ့်စိတ်တွေကို လန်းဆန်းမှုအပြည့်အဝပေးလိုက်ပါ။

၅။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါ။

အတိတ်ကိုအတိတ်မှာထားခဲ့ပြီး အရေးမပါတဲ့အကြောင်းတွေပြန်တွေးမနေနဲ့တော့။ သင့်အတွက် ဘဝလက်တွဲဖော်ကောင်းဆိုတာ အချိန်မရွေး သင့်ဘေးရောက်လာနိုင်တာမို့ ကိုယ့်အပေါ် တကယ်မကောင်းတဲ့ ရည်းစားဟောင်းနဲ့ ဝေးကွာအောင် ဖန်တီးပေးတဲ့ ကံကြမ္မာကိုတောင် သင်ကျေးဇူးတင်သွားပါလိမ့်မယ်။ Dဖြိုးသီချင်းလိုပဲ တစ်ရက်ပဲဝအောင်ငိုလိုက်ပါ။ ကျန်တဲ့အချိန်တွေအားလုံးက ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေဖြစ်တာမို့ ပျော်ပျော်ကြီးသာအသုံးချလိုက်ပါ။

၆။ ကိုယ့်ဘဝကိုယ်အလှဆုံးပုံဖော်ထုဆစ်ရင်း အမြင့်ဆုံးရောက်အောင်ဖန်တီးလိုက်ပါ။

အဟောင်းတွေကိုမေ့ပစ်ပြီး ရှေ့ဆက်ရမယ့်သင့်ဘဝကို အကောင်းဆုံးဆိုတဲ့ အရာတွေနဲ့လျှောက်လှမ်းလိုက်ပါ။ သူနဲ့ပက်သက်ခဲ့တဲ့အတိတ်တွေကို ရုပ်ရှင်တစ်ခုလို သဘောထားပြီး ဇာတ်ကားပြီးဆုံးသွားပြီလို့မှတ်ယူလိုက်ပါ။ အနာဂတ်မှာသင့်အတွက် အကောင်းဆုံးတွေက လက်ကမ်းကြိုဆိုနေမှာမို့လို့ ပြီးခဲ့တာတွေအတွက် အချိန်ကိုထပ်ပြီး အဆုံးရှုံးမခံံပါနဲ့။ အစားပြန်မရတဲ့အချိန်တွေကို သူလိုလူတစ်ယောက်အတွက် ကုန်ဆုံးခဲ့ရတာမို့ ကိုယ့်ရဲ့လက်ကျန်အချိန်တွေကို တန်ဖိုးထားပါ။

အထက်ကပြောခဲ့တဲ့အချက်တွေအတိုင်း နေထိုင်သွားမယ်ဆိုရင် သင်ဟာ လွတ်လပ်ပျော်ရွှင်တဲ့ လူတစ်ယောက်အဖြစ်ရပ်တည်သွားနိုင်မှာအသေအချာပါပဲ။ အမှတ်တရဆိုတာရှိကောင်းပါတယ်။ အတိတ်ဆိုးဆိုတာလဲ မေ့ကောင်းပါတယ်။ ပြီးခဲ့တဲ့အမှားတွေကို ထိုင်ပြီးနောင်တရ လွမ်းဆွတ်နေရင် ပိုကောင်းတဲ့အနာဂတ်ကိုသင်မသွားနိုင်တော့ပါဘူး။ စိတ်ကိုအပျော်ရွှင်ဆုံး အလွတ်လပ်ဆုံးနေခွင့်ပေးပြီး ဘဝကိုအောင်အောင်မြင်မြင်ဖြတ်သန်းပါ။ သင်ဟာအောင်မြင်သူတစ်ယောက်ဖြစ်တာနဲ့ သူ့ကိုအလိုလိုလက်စားချေပြီးသားဖြစ်သွားပါလိမ့်မယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။