မြောက်ကိုရီးယား ကိုစစ်ရေးအရတိုက်ခိုက်ပါက တုန်လှုပ်ခြောက်ခြားဖွယ် အကျိုးဆက်တွေဖြစ်လာနိုင်တယ် လို့ နေတိုးအဖွဲ့ အကြီးအကဲ Jens Stoltenberg က သောကြာနေ့ကသတိပေးလိုက်ပါတယ်။ ဒီသတိပေးချက်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် က မြောက်ကိုရီးယား နဲ့ သံတမန်ရေးကြိုးပမ်းချက်များ မအောင်မြင်ကြောင်း ပြောဆိုပြီးနောက်ထွက်ပေါ်လာခြင်းလည်း ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် ဟာ ပြုံယမ်း ရဲ့ နျူးကလီးယား အစီအစဉ်တွေကို ရပ်တန့်ရန် အတွက် စစ်ရေးအရ အရေးယူဖို့ အမြဲလိုလို ခြိမ်းခြောက်ခဲ့ပါတယ်။ 

နောက်အပတ်မှာ လည်း မြောက်ကိုရီးယားကို အင်အားပြတဲ့ အနေနဲ့ အမေရိကန် နဲ့ တောင်ကိုရီယား တို့ နှစ်နိုင်ငံပူးတွဲ ပြီး ရေတပ်စစ်ရေးလေ့ကျင့်ဖို့ ရှိနေပါတယ်။ ဘရပ်ဆဲလ် မြို့ နေတိုးအဖွဲ့ဌာနချုပ် မှာပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ နေတိုးအဖွဲ့ အကြီးအကဲ Jens Stoltenberg က "မြောက်ကိုရီးယား ကိုစစ်ရေးအရတိုက်ခိုက်ပါက တုန်လှုပ်ခြောက်ခြားဖွယ် အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်၊ ဘယ်သူမှ ဒါကိုလိုချင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွနု်ပ်တို့ဟာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် အဖြေရဖို့ တွန်းအားပေးသွားရမှာဖြစ်ပါတယ်" လို့ပြောကြားသွားပါတယ်။

နေတိုးအဖွဲ့ အကြီးအကဲ Jens Stoltenberg က ဆက်လက်ပြီး "အမေရိကန် နိုင်ငံ အနေနဲ့ သူ့နိုင်ငံ နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေကို ကာကွယ်ပိုင်ခွင့်အပြည့်အဝရှိပါတယ်။ ဒါပေမယ့် ဘယ်သူမှ မြောက်ကိုရီးယား နဲ့ စစ်ဖြစ်ပွားမှာကို လိုချင်မှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။" လို့ပြောကြားခဲ့ပါတယ်။ နောက်အပတ်မှာ ဂျပန်ပင်လယ် နဲ့ ပင်လယ်ဝါမှာ ပြုလုပ်မယ့် ရေတပ်စစ်ရေးလေ့ကျင့်မှုမှာ အမေရိကန်ဘက်မှ USS Ronald Reagan လေယာဉ်တင်သင်္ဘော ကြီးနဲ့ ဖျက်သင်္ဘောနှစ်စင်းပါ၀င်ဖို့ရှိပြီး တောင်ကိုရီးယားဘက်မှ စစ်သင်္ဘောတွေလည်းပါ၀င် လေ့ကျင့်ကြမှာဖြစ်ပါတယ်။

Source: channelnewsasia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။