ရီးယဲလ်အသင်းနှင့် ငါးနှစ်သက်တမ်းတိုးလိုက်တဲ့ စီရော်နယ်လ်ဒို

စပိန်ထိပ်သီးကလပ် ရီးယဲလ်မက်ဒရစ်အသင်းသည် ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုနှင့် ၂၀၂၁ ခုနှစ်အထိ သက်တမ်းရှိသည့် ငါးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရသည်။

အသက် ၃၁ အရွယ်ရှိ စီရော်နယ်လ်ဒိုသည် ၂၀၀၉ ခုနှစ်တွင် မန်ယူအသင်းမှ ရီးယဲအသင်းသို့ ကမ႓ာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ဖြင့် ပြောင်းရွှေ့ခဲ့ပြီး ရှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ ၃၆၀ ကစားပြီး ၃၇၁ ဂိုးသွင်းယူကာ အသင်းသမိုင်း၌ ဂိုးအများဆုံးကသမားအဖြစ် ရပ်တည်လျက်ရှိသည်။ စီရော်နယ်လ်ဒိုသည် ရီးယဲအသင်းနှင့် ချန်ပီယံလိဂ်ဖလား နှစ်ကြိမ် လာလီဂါချန်ပီယံဆုတစ်ကြိမ် စပိန်ဘုရင့်ဖလားနှစ်ကြိမ် စပိန်စူပါဖလား နှစ်ကြိမ် ဥရောပစူပါဖလားတစ်ကြိမ် ကလပ်ကမ႓ာ့ဖလားတစ်ကြိမ် ဆွတ်ခူးရရှိထားသည်။ ၄င်းအနေဖြင့် ယခုရာသီတွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသော်လည်း ရီးယဲလ်အသင်းက ၂၀၂၁ ခုနှစ်အထိ ငါးနှစ်သက်တမ်းတိုးခဲ့သောကြောင့် အသက် ၃၆ နှစ်အထိ ဆက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

သက်တမ်းစာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို နိုဝင်ဘာ ၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ဘာနေဗျူးကွင်း၌ကျင်းပခဲ့ရာ စီရော်နယ်လ်ဒိုနှင့် အသင်းဥက္ကဌ ပီရက်ဇ်တို့ တက်ရောက်ခဲ့သည်။ ရီးယဲလ်အသင်းက ၄င်း၏လစာကို ထုတ်ပြန်ခြင်းမရှိသော်လည်း လက်ရှိလစာအတိုင်း တစ်ပတ်လျှင် ပေါင် ၃၆၅၀၀၀ ဖြင့် အသင်း၏ လစာအများဆုံးကစားသမားအဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။

Source: International Sports News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။